
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA) တို့ဟာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ မွန်ပြည်ပေါ်ထွန်းရေးအတွက် ရည်ရွယ်ပြီး မေ ၂၄ ရက်မှာ ပေါင်းစည်းကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပေါင်းစည်းပြီးနောက် “ရာမညမွန်တပ်တော်-Ramonnya Mon Army (RMA)" ကို ဖွဲ့စည်းခဲ့ပြီး NMSP (AD) နိုင်ငံရေးစစ်ရေးကော်မတီကို အဖွဲ့ဝင် ၂၆ ဦးနဲ့ ဖွဲ့စည်းကာ နိုင်ဇေယျကို ဥက္ကဋ္ဌ၊ နိုင်လယီကောင်းကို ဒုဥက္ကဋ္ဌ နဲ့ နိုင်ဗညားလယ်ကို အတွင်းရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။
စစ်ရေးပိုင်းဆိုင်ရာအတွက် စစ်ကော်မတီဝင် ၇ ယောက်နဲ့ ဖွဲ့စည်းရာမှာတော့ ဗိုလ်မှူးချုပ် စလွန်းထောကို စစ်ဦးစီးချုပ်၊ ဗိုလ်မှူးကြီးစိုးဝင်းကို ဒုစစ်ဦးစီးချုပ် (၁) နဲ့ ဗိုလ်မှူးကြီး ကျည်ဆံကို ဒုစစ်ဦးစီးချုပ် (၂) အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။
NMSP(AD)/RMA အနေနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးအတွက် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။