
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းနဲ့ ညောင်ဦးမြို့နယ်တို့ကို မတ်လဆန်းကစလို့ စစ်ကောင်စီတပ်က နေ့တိုင်း စစ်ကြောင်းထိုးဝင်ပြီး မီးရှို့ခဲ့တာကြောင့် အမျိုးသမီး ၃ ယောက် သေဆုံးပြီး အိမ်ခြေ ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၁ ရက်မှာ စစ်ကြောင်းဟာ ကမ်းဖြူရွာရဲ့အနောက်ဘက် ကူတောရွာကို စတင်မီးရှို့ခဲ့လို့ အိမ် ၈ လုံး မီးလောင်တယ်လို့ သိရပြီး ဖလန်ကန်ရွာ၊ ကြီးကန်ရွာတို့ကိုဖြတ်ပြီး ကမ်းဖြူရွာကို ရောက်လာသလို ကမ်းဖြူရွာရဲ့ အနောက်တောင်ဘက် သရက်တောရွာ၊ ထန်းပေါက်ကုန်းရွာဘက် ကနေ ကမ်းဖြူရွာကို နောက်ထပ်စစ်ကြောင်းဝင်လာပြီး တအိမ်တက်ဆင်း မွှေနှောက်ခဲ့ပါတယ်။
စစ်ကြောင်းဟာ ကမ်းဖြူရွာမှာပဲ ညအိပ်စခန်းချပြီး အဲဒီစစ်ကြောင်းတွေကြောင့် ပတ်ဝန်းကျင်ရွာ တွေက ဒေသခံထောင်နဲ့ချီဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
ကမ်းဖြူရွာဒေသခံတယောက်က “၃ ရက်နေ့မှာ ရွာရဲ့အရှေ့ဘက် သန်းပင်ရွာရောက်တယ်။ မွှေတယ်။ အရှေ့ဘက်စိတ္ထိန်းရွာရောက်တယ်။ စိတ္ထိန်းတောင်ရွာနဲ့ မြောက်ရွာကို မီးရှို့တယ်။ အိမ်ခြေ ၆၀ နီးပါး မီးလောင်တယ်။ ၅ ရက်နေ့မှာ နောက်ပြန်လှည့်လာတယ်။ သန်းပင်ရွာ မြောက်ဘက်က စိုင်ဂေါင်းရွာကို မီးရှို့တယ်။အိမ် ၅ လုံး မီးလောင်တယ်” လို့ ပြောပါတယ်။
မတ် ၆ ရက်မှာတော့ ခွေးတောက်ကုန်းရွာက ထွက်လာတဲ့ စစ်ကြောင်းဟာ ထန်းပေါက်ကုန်းရွာက ပြည်သူ ၅ ယောက်ကို လူသားဒိုင်းအဖြစ်ဖမ်းခေါ်သွားပြီး ထောက်ရှာကျေးရွာကိုလည်း ဝင်ရောက် ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေ ထုတ်ပြန်ပေးနေတဲ့ KPG Update News က ဖော်ပြ ထားပါတယ်။
ဒေသခံတယောက်က “ကမ်းဖြူရွာကိုပြန်ဝင်တယ်။ မနက် ၁၁ နာရီလောက်မှာ မီးခိုးတွေ ၃ နေရာ က ထွက်လာတာမြင်ရတယ်။ အဲဒီနေ့က လေတိုက်တယ်။ ည ၈ နာရီခွဲမှာ မီးတောက် မမြင် ရတော့ဘူး။ အိမ်ခြေ ၂၀၀ လောက် မီးလောင်တယ်။ အသက် ၈၀ အရွယ် အမျိုးသမီး ၃ ဦး မီးထဲပါသွားတယ်။ ကျွဲ၊ နွား၊ ဝက်၊ ကြက် အိမ်မွေးတိရစ္ဆာန်တွေရောပေါ့။ ခြောက်ဘီးကား တစီး လည်းပါသွားသေးတယ်။ ထန်းပေါက်ကုန်း ရွာဘက်ကလာတဲ့စစ်ကြောင်းမှာ လက်နက်ကြီး ပါတယ်။ လက်နက်ကြီးနဲ့ လှမ်းပစ်ပြီးမှ ရွာတိုင်းကို ဝင်တာ” လို့ ပြောပါတယ်။
မတ် ၆ ရက် ညပိုင်းမှာ ကမ်းဖြူရွာကို လေယာဉ်နဲ့ ဗုံးကြဲတယ်လို့လည်းသိရပြီး ထိခိုက် ပျက်စီး တာတော့ မရှိပါဘူး။
စစ်ကြောင်းဟာ မတ် ၇ ရက်မှာ ထောက်ရှာရွာကို မီးရှို့ခဲ့သလို နောက်နေ့မှာလည်း ဗြူကြီးရွာကို မီးရှို့ ခဲ့သေးတယ်လို့ သိရပါတယ်။










