
လတ်တလော အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲတွေကြောင့် ကမ္ဘာ့စွမ်းအင်လောင်စာဆီနဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေအပေါ် သက်ရောက်မှုရှိပြီး ပြည်သူတွေကြား နေ့စဉ်ဘဝအတွက် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
ထိုင်းနိုင်ငံမှာ ခုရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်လာတယ်၊ သယ်ယူ ပို့ဆောင်ရေးစရိတ် ကြီးမြင့်လာတာနဲ့အမျှ ကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုန်ကြမ်းပစ္စည်း ဈေးနှုန်းပါ လိုက်တက်လာတယ်၊ ဒါကြောင့် မီးဖိုချောင်သုံးပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းဈေးနှုန်းပါ လိုက်တက် လာတယ်လို့ ခရိုင်အများစုက ပြည်သူတွေ ပြောပါတယ်။
ဒီလို ကုန်ဈေးနှုန်းမြှင့်တက်လာတာဟာ မိမိတို့ရဲ့ နေ့စဉ်ဘဝ နေထိုင်စားသောက်စရိတ်တွေပေါ် ထိခိုက်မှု ရှိတယ်လို့ အိမ်ထောင်ရှင်တွေ အထူးသဖြင့် ဝင်ငွေနည်းပါး မိသားစုဝင်နဲ့ အသေးစား လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
လုပ်ငန်းရှင်တယောက်ကလည်း သူတို့မှာ ရင်းနှီးမြှုပ်နှံတဲ့ သွင်းကုန်နဲ့ ကုန်ကြမ်းပစ္စည်း ဈေးတက် တာကို ရင်ဆိုင်နေရလို့ စိတ်ဖိစီးတယ်၊ လက်လီရောင်းချဖို့ ဈေးနှုန်းသတ်မှတ်ရမှာ ခက်ခဲနေတယ်၊ တချို့ကလည်း ဒီလိုသာဆိုရင် ကုန်းဈေးနှုန်းကြီးမြင့်တာကို မလွဲမရှောင်သာ ရင်ဆိုင်ရမှာပဲလို့ ဆိုပါတယ်။
အခုလို စီးပွားရေးမတည်ငြိမ်တဲ့ အခြေအနေမှာ ပြည်သူတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့ အစိုးရအနေနဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်ပြီး ကုန်ဈေးနှုန်းထိန်းချုပ်ရေး စီမံချက် တွေ ချမှတ်ဖို့ တိုက်တွန်းနေကြပါတယ်။
ထိုင်းအရှေ့မြောက်ပိုင်းဒေသရဲ့ စီးပွားရေးအချက်အချာကျရာ နခွန်းရာ့ချ်ဆီမားခရိုင်မှာတော့ နေ့ခင်းဘက် ရာသီဥတုပူပြင်းပြီး မိုးခေါင်ရေရှားတာကြောင့် သီးနှံအထွက်နှုန်း လျော့ကျတယ်၊ ဟင်းသီးဟင်းရွက်ပင်အချို့ ညှိုးနွမ်းပြီး ရှားပါးလာတယ်လို့ ဖိမိုင်မြို့နယ် ဂျော်ကြဲဈေးထဲက ဈေးသည်တွေ ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ ပိုပြီး မြင့်တက်လာနိုင်တယ်၊ သယ်ယူပို့ဆောင်ရေး၊ လုပ်အားခနဲ့ လက်လီရောင်းချမှု ကုန်ကျစရိတ်ပါ ထိခိုက်နိုင်တယ်၊ ကုန်ဈေးနှုန်းတွေ နှစ်ဆမြင့်တက်လာမယ်လို့ ဘန်ကောက်ပို့စ်သတင်း ဆောင်းပါးရှင်က သုံးသပ်ပါတယ်။
ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆုဖားကျီ ဆုထမ်းဖန်း ကတော့ အစိုးရအနေနဲ့ အထူး လုပ်ငန်းအဖွဲ့ကနေ အခြေအနေကို စောင့်ကြည့်နေပြီး ပြည်သူတွေအနေနဲ့ ထိတ်လန့်တုန်လှုပ်ခြင်း မရှိဖို့ ပြောပါတယ်။
စွမ်းအင်ဈေးနှုန်းဟာ ကုန်ဈေးနှုန်းပေါ် အဓိက သက်ရောက်မှုရှိတယ်၊ စားသုံးသူတွေကို အကာအကွယ် ပေးဖို့ ဝန်ကြီးဌာနအနေနဲ့ တခြားဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပြီး လိုအပ်ပါက စည်းမျည်းစည်းကမ်း ပြဋ္ဌာန်းချက်တွေ ထုတ်ပြန်ဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။
“ကျမတို့ အခြေအနေအရပ်ရပ်ကို နေ့စဉ် စောင့်ကြည့် အကဲဖြတ်နေပါတယ်။ ပြည်သူတွေဟာ သတင်းအချက်အလက်တွေ စောင့်ကြည့်သင့်တယ်၊ ဒါပေမဲ့ ထိတ်လန့်တုန်လှုပ်စရာ မလိုဘူး။”
ကုန်သည်တွေကတော့ အစိုးရဟာ ပြည်တွင်းလောင်စာဆီဈေးနှုန်းတွေ တည်ငြိမ်အောင် ထိန်းချုပ် ဖို့ ကြိုးစားနေပေမဲ့ ရှေ့ဆက်ပြီး ဆီဈေးကြီးရင် ထောက်ပံ့ရေးကွင်းဆက်တလျှောက် အလျင် အမြန် သက်ရောက်မှုရှိနိုင်တယ်လို့ ပြောကြပါတယ်။
ဈေးထဲမှာ ဟင်းသီးဟင်းရွက်ရောင်းနေတဲ့ အသက် ၆၀ အရွယ် ဖဲန် ဖန်မိမိုင် ဆိုသူကတော့ ဟင်းသီးဟင်းရွက်ဈေးနှုန်း အများစုက ပုံမှန်ပဲ၊ ဒါပေမဲ့ သံပုရာသီးက ပိုဈေးကြီးလာတယ်လို့ ပြောပါတယ်။
“ကျမက သံပရာသီးတလုံးကို ၄ - ၅ ဘတ်လောက်နဲ့ ဝယ်ပြီး အမြတ်ရဖို့ ၇ ဘတ်နဲ့ ပြန်ရောင်းတယ်။ အရင်က သံပုရာသီးဈေးက အလုံးကြီးရင် တလုံး ၃ ဘတ်နဲ့ပဲ ရောင်းခဲ့တာ။”
ခွန်ကဲင်ခရိုင်ရှိ ဓာတ်မြေဩဇာရောင်းသူတွေက အရှေ့အလယ်ပိုင်းပဋိပက္ခဟာ စိုက်ပျိုးရေး လုပ်ငန်း ထောက်ကူပြုပစ္စည်းတွေပေါ် သက်ရောက်လာပြီ၊ တချို့ဓာတ်မြေဩဇာတွေ ကုန်ပစ္စည်း ပြတ်လပ်စ ပြုနေပြီလို့ ပြောပါတယ်။
Source: Bangkok Post











