
ထိုင်းနိုင်ငံမှာ အများပြည်သူ နေ့စဉ်လိုလို စားသုံးနေတဲ့ ဈေးကွက်အတွင်း လူကြိုက်များတဲ့ အသီးအရွက်တွေမှာ ကပ်ပါးပိုးဥနဲ့ ပိုးလောင်းတွေ တွေ့ရှိရတာကြောင့် အစိမ်းစားတာနဲ့ ကပ်ပါးပိုးအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားတဲ့အကြောင်း The Nation Thailand သတင်းမှာ မေ ၁၀ ရက်က ဖော်ပြပါတယ်။
ဒါဟာ ထိုင်းဆေးသိပ္ပံဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနဲ့ မဟီဒေါ တက္ကသိုလ် အပါအဝင် ဒေသတွင်း တက္ကသိုလ်တွေရဲ့ ကွင်းဆင်း သုတေသနပြုချက်တွေကို ကိုးကားပြီး ထိုင်းကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါထိန်းချုပ်ရေးဌာနက အထူးသတိ ပေးချက် ထုတ်ပြန်လိုက်တာပါ။
အထူးသဖြင့် အသုပ်၊ အတို့အမြှုပ်တွေနဲ့ ထိုင်းဟင်းလျာတွေထဲ အစိမ်းလိုက်ထည့်စားလေ့ရှိတဲ့ အသီးအရွက်တွေမှာ ကပ်ပါးပိုး ကူးစက်မှုနှုန်း ပိုများနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ကပ်ပါးပိုး ကူးစက်မှုအများဆုံး တွေ့ရတဲ့ အသီးအရွက် ၁၀ မျိုးထဲမှာတော့ တရုတ်နံနံနဲ့ ပူစီနံမှာ ရာခိုင်နှုန်း ၆၀ ကျော်၊ မြင်းခွာရွက်မှာ ၅၇ ရာခိုင်နှုန်းကျော်၊ ထိုင်းနံနံပင်နဲ့ ကြက်သွန်မြိတ်တို့မှာ ရာခိုင်နှုန်း ၄၀ ကျော်၊ ရှမ်းနံနံမှာ ၃၆ ရာခိုင်နှုန်းကျော်၊ မုန်ညင်းထုပ်နဲ့ ဆလတ်ရွက်တို့မှာ ရာခိုင်နှုန်း ၂၀ ကျော်၊ ပင်စိမ်းမှာ ၁၀ ရာ ခိုင်နှုန်းကျာ်နဲ့ ကန်စွန်းရွက်မှာ ၆ ရာခိုင်နှုန်းကျော်စီ အသီးသီး ရှိနေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် အရွက်ထပ်များတဲ့၊ မျက်နှာပြင်ကြမ်းတဲ့၊ အဆစ်အဖုများတဲ့ အသီးအရွက်တွေက မြေကြီးနဲ့ ပိုးမွှားတွေကို ပိုမိုတွယ်ကပ်စေနိုင်တာကြောင့် ပိုမို ဂရုစိုက်ဆေးကြောသင့်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် အစိမ်းစားရင် သတိပြုသင့်တဲ့ တခြားအသီးအရွက်တွေအနေနဲ့ ပဲသီးဆိုရင် ပိုးသတ်ဆေး ကျန်ရှိနိုင်ပြီး လေပွစေတတ်သလို မျှစ်နဲ့ ကန်စွန်းဥဆိုရင် သဘာဝဆိုင်ယာနိုက်ဓာတ် ပါဝင်နိုင်တာကြောင့် သေချာစွာ ချက်ပြုတ်စားသင့်တယ်လို့ သတိပေးထားတာပါ။
ဂေါ်ဖီထုပ်အစိမ်း အလွန်အကျွံစားရင်တော့ သိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ဟင်းနုနွယ်ကတော့ အောက်ဆဲလစ်အက်ဆစ် မြင့်မားတာကြောင့် ကျောက်ကပ်ကျောက်တည်နိုင်ခြေရှိသူတွေ သတိပြုရမယ်လို့ ဖော် ပြပါတယ်။
ဒါကြောင့်မို့ အသီးအရွက်တွေ မစားသုံးခင် အန္တရာယ်ကင်းအောင် အရွက်တွေကို သေချာခွာဖို့၊ အနည်းဆုံး ၂ မိနစ်လောက် သေချာပွတ်တိုက်ရေဆေးဖို့၊ မုန့်ဖုတ်ဆိုဒါ၊ ဒါမှမဟုတ် ဆားရည်ထဲ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် စိမ်ထားပြီးမှ ရေသန့်နဲ့ ပြန်ဆေးဖို့၊ ချက်ပြုတ်စားဖို့၊ အထူးသဖြင့် ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကိုယ်ခံအားနည်းသူတွေအတွက် ချက်ပြုတ်စားခြင်းက အကောင်းဆုံးနဲ့ အစိတ်ချရဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
နိဂုံးချုပ်အကြံပြုချက်အနေနဲ့ အသီးအရွက်တွေက ကျန်းမာရေးအတွက် အလွန်အရေးကြီးတာကြောင့် မစားဘဲ ရှောင်ကြဉ်ဖို့ မလိုပေမဲ့ အစိမ်းစားမယ်ဆိုရင်တော့ သန့်ရှင်း၊ လတ်ဆတ်၊ စနစ်တကျ ဆေးကြောဖို့သာ လိုအပ်တယ်လို့ သတိပေးထားပါတယ်။
Source: The Nation Thailand










