DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဗလီများ ပြန်ဆောက်ခွင့်မရသေး
DVB
·
March 11, 2026
စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဗလီများ ပြန်ဆောက်ခွင့်မရသေး
Donate to DVB

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ တနှစ်ဝန်းကျင် ရှိလာပေမဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဗလီတွေကတော့ ပြန်လည်ဆောက်လုပ်ခွင့် မရသေးဘူးလို့ အစ္စလာမ်ဘာသာရေးအသိုက်အဝန်းက ပြောပါတယ်။

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် မန္တလေးတိုင်းက ၁၇ မြို့နယ်မှာ ဗလီပေါင်း ၁၅၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၆ လုံး၊ ပဲခူးတိုင်းမှာ ၈ လုံး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂ လုံး၊ နေပြည်တော်မှာ ၁၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဗလီပြန်ဆောက်ခွင့်ရရေး ဆောင်ရွက်နေသူတွေရဲ့ စာရင်းအရ သိရပါတယ်။

ရှေးဟောင်းဗလီတွေဟာ သာသနာ့မြေအနေနဲ့ ဂရန်မပေါက်ထားတဲ့အတွက် ပြန်ဆောက်လုပ်ခွင့်တင်တဲ့အခါ ဥပဒေကြောင်းအရ ပိုင်ဆိုင်ခွင့်အထောက်အထားတွေပြဖို့ လိုအပ်ချက်တွေ ရှိနေသလို သာသနာ့နယ်မြေဖြစ်ကြောင်း အထောက်အထားပြနိုင်တဲ့ ဗလီတွေကိုလည်း တခြားအကြောင်းပြချက်တွေနဲ့ ပြန်လည်ဆောက်လုပ်ခွင့် မပေးသေးတာ ဖြစ်ပါတယ်။

ငလျင်မှာ ပျက်စီးခဲ့တဲ့ ဗုဒ္ဓဘာသာအဆောက်အအုံ အများစုကိုတော့ ပြန်လည်ပြင်ဆင်ခွင့် ပေးထားပေမဲ့ တခြား ဘာသာရေးအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ခွင့် ရဖို့အတွက်တော့ ကန့်သတ်မှုတွေ ကြုံနေရတယ်လို့ ဗလီပြန်ဆောက်ခွင့်ရရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။

ဗလီပြန်ဆောက်ခွင့်ရရေး ဆောင်ရွက်နေသူတယောက်က “ပြန်ဆောက်မှရမဲ့ ဗလီမျိုးတော့ ဆောက်လုပ်ခွင့်ပါမစ် ချမပေးတော့ဘူးပေါ့။ မြန်မာပြည်မှာ ခေါက်ရိုးကျိုးနေတဲ့ ခွဲခြားမှုပါပဲ၊ အသစ်တော့ မဟုတ်ဘူး။ သာသနာ့မြေ အထောက်အထားမှ မလိုဘဲနဲ့၊ ဗုဒ္ဓဘာသာကတော့ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိတယ်။ အစ္စလာမ်တို့ ခရစ်ယာန်တို့ ဟိန္ဒူတို့ ကျရင်တော့ အခြေအနေ အရပ်ရပ်မှာ ကန့်သတ်ထားတာမျိုးတွေ အစဉ်အဆက် ရှိခဲ့တာပေါ့။ အခုမှ ကန့်သတ်ထားတာမျိုးတော့ မဟုတ်ဘူး၊ အစဉ်အဆက် ရှိခဲ့တာပေါ့။ အဲဒါကလည်း ပျောက်မသွားဘူး၊ ခုချိန်ထိ ဆက်ရှိနေတာပေါ့” လို့ ပြောပါတယ်။

ထိခိုက်ပြိုကျခဲ့တဲ့ ဗလီ ၈၀ ရာခိုင်နှုန်းကျော်ဟာ ရှေးမြန်မာဘုရင်တွေ လက်ထက်က ဘုရင်တွေကိုယ်တိုင် လှူထားခဲ့တာဖြစ်လို့ အခုခေတ်မှာ သာသနာ့မြေအဖြစ် စာရင်းမပေါက်တာကြောင့် ပျက်စီးသွားတဲ့ ဗလီတွေ ပြန်ဆောက်ခွင့်ရဖို့ သာသနာ့မြေ ဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်က လုံးဝအဆင်မပြေနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ ဗလီတွေ ပြန်လည်ဆောက်လုပ်ခွင့် ရဖို့အတွက် ဖြတ်သန်းရမဲ့ အဆင့်တွေက များပါတယ်။

ဗလီပြန်ဆောက်ခွင့်ရဖို့အတွက် အရင်ဆုံး စည်ပင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ထောက်ခံချက် လိုအပ်ပါတယ်။ အဲဒီထောက်ခံချက်တွေနဲ့အတူ သာသနာရေးဝန်ကြီးဌာနကို ဆောက်လုပ်ခွင့် လျှောက်ထားရပါတယ်။ သာသနာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ရင်ရော ဆောက်လို့ရပြီ ထင်ပါသလား။ ဆောက်လုပ်ရေးဝန်ကြီးဌာနကို တခါ ပြန်တင်ရဦးမှာပါ။ ဆောက်လုပ်ရေးက ခွင့်ပြုလိုက်ရင်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ထပ်တင်ပြရမှာဖြစ်ပြီး ထွေအုပ် ဆုံးဖြတ်ချက်နဲ့မှ ဆောက်ခွင့်ပေးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဗလီတချို့ကိုတော့ အသေးစား ပြင်ဆင်ခွင့် ပေးထားပေမဲ့ ပြိုကျသွားတဲ့ ဗလီတွေ ပြန်ဆောက်ဖို့အတွက် ဆောက်လုပ်ခွင့်ပါမစ် ချမပေးတာ ဖြစ်ပါတယ်။

မန္တလေးမြို့ပေါ်က ပျက်စီးသွားတဲ့ ဗလီ ၃၃ လုံးကိုတော့ မြို့တော်ဝန်လက်မှတ်နဲ့ ဖြိုချခွင့်ပေးခဲ့ပြီး ဖြိုချလိုက်တဲ့အခါ မြေနေရာကို သာသနာ့မြေအဖြစ် ပြန်မပေးတော့မှာ စိုးတဲ့အတွက် မဖြိုချနိုင်သေးဘူးလို့ မန္တလေးမြို့က ဘာသာရေးခေါင်းဆောင်တယောက်က ပြောပါတယ်။

“သာသနာရေးတွေပဲ ခက်နေတာ၊ သာသနာ‌တောင် ဗုဒ္ဓဘာသာက မကန့်သတ်ဘူး၊ အစ္စလာမ်တို့ ဟိန္ဒူတို့အတွက် ပိုခက်တာ။ ဗုဒ္ဓဘာသာ အဆောက်အအုံတွေ အတော်များများက ပြီးနေပြီ။ ဖြိုခွင့်ကတော့ ၃၃ လုံး ချပေးလိုက်တယ်။ မြို့တော်ဝန်က လက်မှတ်ထိုးပြီး အဲဒီဗလီတွေ အတော်များများတော့ ဖြိုလိုက်ပြီ။ တချို့ဗလီတွေက မဖြိုတာရှိတယ်။ ဖြိုပြီးရင် ပြန်မပေးမှာလား ဆိုတဲ့ စိုးရိမ်စိတ်နဲ့ မဖြိုတာ။ ကျနော်တို့က လက်ရှိပေါ့နော်၊ မန္တလေးတိုင်းဒေသကြီး တာဝန်ရှိသူ ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံပြီးပြီ။ သူ့အနေနဲ့ သာသနာ့နယ်မြေတွေကိုတော့ ပေးပါ့မယ်လို့ နှုတ်အားနဲ့ ပြောထားတာရှိတယ်။ လက်ရှိ အခုထိတော့ ပေးမလာသေးဘူး။”

ငလျင်လှုပ်ခတ်ပြီးနောက်မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ အဆောက်အအုံ အပျက်အစီး စာရင်းတွေအရတော့ ဗလီ ၁၃၆ လုံး ပါတယ်လို့ ဆိုထားပြီး မြေပြင်မှာ တကယ်ပျက်စီးသွားတဲ့ အရေအတွက်နဲ့ ကွာဟချက် ရှိနေတာကလည်း တည်ဆောက်ခွင့်ရရှိရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငလျင်ကြောင့် နည်းနည်းပဲပျက်စီးခဲ့တဲ့ စစ်ကိုင်းမြို့ပေါ် မြို့မရဲစခန်းနဲ့ ကပ်လျက်မှာရှိတဲ့ ဂါတ်တန်းဗလီကို ၂၀၂၅ ခုနှစ်၊ မေလကုန်ပိုင်းမှာ ရဲစခန်းနယ်မြေထဲမှာ ပါတယ်ဆိုပြီး စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါတယ်။

အဲဒီဗလီဘေးက ရဲစခန်းဝင်းကိုရော ဗလီမြေနေရာကိုပါ မွတ်စလင်အလှူရှင်တယောက်က လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အစ္စလာမ်ဘာသာဝင်တွေဟာ ပြိုကျပျက်စီးသွားတဲ့ ဗလီတွေနေရာမှာ ယာယီအမိုးမိုး ဝတ်ပြုနေကြပြီး အဲဒီ ယာယီအဆောင်ကိုလည်း သံနဲ့ဆောက်လုပ်ခွင့် မပေးဘူးလို့ ကန့်သတ်ထားပါတယ်။

ငလျင်ဘေးသင့် ပြိုကျခဲ့တဲ့ ဗလီအများစုဟာ ၁၈ ရာစုနှောင်းပိုင်းနဲ့ ၁၉ ရာစုဦးပိုင်းမှာ အုတ်နဲ့ဆောက်ခဲ့တဲ့ ဗလီတွေဖြစ်ပြီး ၁၉၅၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပြင်ဆင်ခွင့်မပေးခဲ့လို့ ကြံ့ခိုင်မှုမရှိတော့ဘဲ ငလျင်ဘေးမှာ ပြိုကျပျက်စီး လူအသေအပျောက် များခဲ့တာလို့ ဆိုပါတယ်။

သီရိ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013