
ပီရူးနိုင်ငံ၊ အယာကူချိုဒေသ၊ အိုင်နာမြို့မှာ မတ် ၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြစ်ရေထပ်လျှံတက်ခဲ့ပြီး အရင်က အရေးပေါ်အခြေအနေတွေကြောင့် မကြာသေးခင်ကပဲ ရှင်းလင်းခဲ့တဲ့ လမ်းမတွေနဲ့ နေအိမ်တွေကို ရေလွှမ်းမိုးခဲ့ပါတယ်။
မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက်မှာ ဒေသခံတွေ အရင်က သန့်ရှင်းရေး လုပ်ထားပြီးသား နေရာတွေကို ရေတွေနဲ့ ရွှံ့နွံတွေ နောက်တကြိမ် ထပ်ပြီး စီးဝင်လာခဲ့တာပါ။
လက်ရှိမှာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေဟာ အခင်းဖြစ်နေရာမှာ ရောက်ရှိနေကာ သန့်ရှင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ရေကြီးရေလျှံမှုကို ထိန်းချုပ်နိုင်ဖို့အတွက် အတားအဆီးတွေကို တည်ဆောက်နေပါတယ်။
အာယာကူချို ဒေသန္တရအစိုးရရဲ့ အထွေထွေမန်နေဂျာ အက်ဒွါဒိုဟွာကိုတို ဒီးယက်ဇ်က “မြစ်ရေလျှံနေတာကြောင့် ရေစီးကြောင်း ပြောင်းလဲဖို့နဲ့ နေအိမ်တွေကို ကာကွယ်ဖို့အတွက် စက်ယန္တရားတွေနဲ့ အမြဲမပြတ် လုပ်ဆောင်နေပါတယ်” လို့ ပြောကြားခဲ့ပြီး ဒေသတွင်းမှာ မိုးကတော့ ဆက်လက်ရွာသွန်းနေတယ်လို့ ဆိုပါတယ်။
ရေဘေးဒဏ်ခံခဲ့ရတဲ့ ဒေသခံတွေကလည်း သူတို့ရဲ့ အခြေအနေနဲ့ ဆုံးရှုံးမှု ကြီးမားတာတွေအတွက် အထူးစိုးရိမ်နေကြပါတယ်။
ဒေသခံတယောက်က “အကုန်လုံး ပျက်စီးသွားပါပြီ။ ဘာမှကို မကျန်တော့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ရေကြီးမှုကြောင့် ဒေသခံတွေဟာ သစ်လုံးတွေနဲ့ ဂေါ်ပြားတွေကို အသုံးပြုပြီး ရေလမ်းကြောင်း ပြောင်းဖို့နဲ့ ရွှံ့နွံတွေကို ဖယ်ရှားဖို့ ကြိုးစားနေကြရသလို ကျန်တဲ့သူတွေကလည်း မိုးဆက်လက်ရွာနေတာကြောင့် မြစ်ရေ ထပ်မံလျှံတက်လာမှာကို စိုးရိမ်တကြီး စောင့်ကြည့်နေကြရပါတယ်။
Source: Reuters










