
ပီရူးနိုင်ငံမှာ ဧပြီလသမ္မတ ရွေးကောက်ပွဲမတိုင်မီ အမျိုးသမီးထောင်ပေါင်းများစွာဟာ ကျား၊ မ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကာကွယ်ရေးနဲ့ အမျိုးသမီးအခွင့်အရေးတွေကို လေးစားလိုက်နာရေး တောင်းဆိုရင်း မတ်လ ၇ ရက်က လီမာမြို့လယ်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မတ် ၈ ရက်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ မတိုင်မီ တရက်အလိုမှာ ချီတက်ခဲ့တာပါ။ အမျိုးသမီးဝါဒီအဖွဲ့အစည်းတွေ၊ လယ်သမားအဖွဲ့တွေ ကျောင်းသားတွေ၊ အလုပ်သမားတွေက လီမာမြို့လယ်မှာ စုဝေးရင်း ဖိနှိပ်ချုပ်ချယ်တဲ့ နိုင်ငံတော်ဟာ အဓမ္မပြုကျင့်သူ၊ အမျိုးသမီးတွေကို အများသူငါရှေ့မှာ သတ်နေကြတယ်၊ လျစ်လျူမရှုကြနဲ့ စတဲ့ စာသားတွေ ပါတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ရင်း ဆောင်ပုဒ်တွေကို ကြွေးကြော်ရင်း စုဝေးခဲ့ကြပါတယ်။
ချီတက်ပွဲမှာ ကလေးကိုယ်ဝန်ဆောင်ခြင်းလို ပြဿနာတွေကို မီးမောင်းထိုးပြတဲ့ ဖျော်ဖြေမှုတွေပါခဲ့ပြီး ဆန္ဒပြသူတွေက ကိုယ်ဝန်ဆောင် ကျောင်းသူတွေအဖြစ် ဝတ်ဆင်ရင်း သမ္မတလောင်း ခေးအိကို ဖှုဂျိမိုရိရဲ့ မျက်နှာဖုံးတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။
ပီရူးသမ္မတလောင်းက သူ့သမီးတွေ မုဒိမ်းကျင့်မှုကြောင့် ကိုယ်ဝန်ရရင် ကိုယ်ဝန်ဖျက်ချမဲ့အစား ကိုယ်ဝန်ဆောင်ဖို့ အကြံပေးမယ်လို့ မကြာသေးမီက ရုပ်မြင်သံကြား အင်တာဗျူးတခုမှာ ပြောခဲ့လို့ ဒီကိစ္စကို ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။
အမေဇုံဒေသထဲက ကွန်ဒိုကန်ကွီမှာ အကြမ်းဖက်မှုခံစားနေရတဲ့ ကလေးတွေနဲ့ ဆယ်ကျော် သက်တွေအတွက် တရားမျှတမှုကို အဝါဂျွန် အမျိုးသမီးကောင်စီရဲ့ ဥက္ကဋ္ဌ ရို့စ်မေရီ ပီအို့ခ်က တောင်းဆိုခဲ့ပါတယ်။
အဲဒီဒေသမှာ ဌာနေတိုင်းရင်းသားတွေကြား အရွယ်မရောက်သေးသူတွေအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု ရာပေါင်းများစွာကို အစီရင်ခံ ထားပါတယ်။
ပီရူးနိုင်ငံမှာ သမ္မတ၊ ဒုတိယသမ္မတတွေ၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေကို ၅ နှစ်သက်တမ်း အတွက် ရွေးကောက်တင်မြှောက်ဖို့ ဧပြီ ၁၂ ရက်မှာ အထွေထွေရွေးကောက်ပွဲတွေကို ကျင်းပမှာပါ။ ဇွန် ၇ ရက်မှာ ဒုတိယအကြိမ် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ရှိနေပါတယ်။
Source: Reuters








