DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့နိုင်ငံရေးအခြေအနေက နိုင်ငံငယ်များအတွက် စိန်ခေါ်မှုကြီးဖြစ်လာဟု NUG ဝန်ကြီးပြော   
DVB
·
March 5, 2026
ကမ္ဘာ့နိုင်ငံရေးအခြေအနေက နိုင်ငံငယ်များအတွက် စိန်ခေါ်မှုကြီးဖြစ်လာဟု NUG ဝန်ကြီးပြော   
Donate to DVB

ကမ္ဘာတဝန်း စစ်ရေးတင်းမာမှုတွေက မြန်မာအပါအဝင် နိုင်ငံငယ်တွေအတွက် စိန်ခေါ်မှုကြီး ဖြစ်လာပြီး တော်လှန်ရေးအောင်မြင်ဖို့အတွက်ကို ဘယ်လိုအခွင့်အလမ်းတွေရမလဲဆိုတာ စောင့်ကြည့်လေ့လာရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်နိုင်ငံကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာတဝန်း စစ်ရေးတင်းမာမှု အရှိန်မြင့်တက်နေတာပါ။

ဒီထိုးစစ်ဆင်တိုက်ခိုက်မှု မတိုင်ခင် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြူးနစ်လုံခြုံရေးညီလာခံကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခွင့်ရခဲ့ပါတယ်။

ဥရောပအင်အားကြီးနိုင်ငံတွေ ဦးဆောင်ကျင်းပတဲ့ မြူးနစ်လုံခြုံရေးညီလာခံမှာ အာဏာရှင်နိုင်ငံတွေရဲ့ တွန်းတိုက်မှုနဲ့ စစ်ရေးပြဿနာ ကျယ်ပြန့်လာနိုင်တဲ့ အခြေအနေတွေကို အဓိကထား ဆွေးနွေးခဲ့ကြတာပါ။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “ဒီအာဏာရှင်တွေကို ကိုင်တွယ်တဲ့အခါမှာ ဘယ်လိုကိုင်တွယ်မလဲ၊ ဥပမာ Rule Base Order နဲ့ သွားနေတာမျိုး မဟုတ်ဘဲနဲ့ သူ့အကျိုးစီးပွားကို ထိလို့ရှိရင်တော့ ဗင်နီဇွဲလားလို၊ အခု အီရန်လည်းဖြစ်နေပြီပေါ့နော်၊ ဆိုတဲ့အနေအထားမျိုးတွေ ကျပြန်တော့လည်း ကမ္ဘာတခွင်လုံးမှာရှိနေတဲ့ Global Order ကြီး တခုလုံးကိုတော့ ပြောင်းသွားပြီပေါ့နော်။ ဒီမြူးနစ်လုံခြုံရေးညီလာခံမှာလည်း ဒါကိုပဲဆွေးနွေးကြတယ်။ အဲဒီတုန်းက ဒီ အီရန်ကိစ္စတော့ ဒီလောက်ကြီး မဖြစ်သေးဘူးပေါ့လေ။ Global Order ပြောင်းသွားတဲ့ အခြေအနေမျိုးမှာ ကျမတို့လို နိုင်ငံငယ်လေးတွေအဖို့တော့ မသက်သာဘူးပေါ့နော်။ တဖက်မှာလည်းပဲ ကိုယ့်တိုင်းပြည်ကကျတော့ ဒီလို Global Order တွေနဲ့ နည်းနည်းလေးတော့ လှမ်းနေတယ်ပေါ့။ ပထဝီနိုင်ငံရေး အနေအထားအရ တရုတ်တို့ ဘာတို့ အနားမှာရှိနေတဲ့အတွက် အရှေ့အလယ်ပိုင်းကို တည်ပြီးတော့၊ ဥရောပကို တည်ပြီးတော့ ဖြစ်နေတာတွေရဲ့ အစွန်အဖျားမှာလို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ အဲဒါကလည်း သက်ရောက်မှုတော့ ရှိတယ်ပေါ့၊ Domino Effect တွေကတော့ ကြီးကြီးမားမားမဟုတ်ပေမဲ့ သက်ရောက်မှုတွေကတော့ ရှိပါတယ်” လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ အမေရိကန်ပြည်တွင်းရေးဦးစားပေး မူဝါဒကြောင့် မြန်မာနိုင်ငံအတွက် မူလက ပုံမှန်စီးဆင်းနေတဲ့ လူသားစာနာအကူအညီ လမ်းကြောင်းတွေဟာ ရပ်တန့်နေပြီး အမေရိကန်အစိုးရရဲ့ မူဝါဒအားဖြင့် ထောက်ခံမှုကိုသာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေက ရရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း စစ်ရေးတင်းမာလာတာနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ တွန်းတိုက်မှုအကြားမှာ မြန်မာအပါအဝင် နိုင်ငံငယ်တွေရဲ့ ရပ်တည်ရေးဟာ စိန်ခေါ်မှုကြီးမားလာတာ ဖြစ်ပါတယ်။

ဒေါ်ဇင်မာအောင်က “အခု ကမ္ဘာပေါ်မှာ ကမ္ဘာ့နိုင်ငံရေးအခြေအနေ ဖြစ်ပျက်နေတာတွေက ငြိမ်းချမ်းရေးလုပ်မယ်ပြောလိုက်၊ ပြီးရင် စစ်တွေထဖြစ်လိုက်ကြပေါ့နော် မှန်းရတော့ခက်တယ်။ အဲဒီအခြေအနေကို ကျမတို့အတွက်ကတော့ ဘယ်လိုစိန်ခေါ်မှုရှိလဲပေါ့နော်၊ ဒီကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းထဲမှာမှ အခု ကျမတို့သွားနေတဲ့ တော်လှန်ရေး အောင်မြင်ဖို့အတွက်ကို ဘယ်လိုမျိုး အခွင့်အလမ်းတွေရမလဲ။ ဘယ်ဟာတွေကိုတော့ ဆောင်ရမလဲ၊ ဘယ်ဟာတွေကိုတော့ ရှောင်ရမလဲ ဆိုတာတွေက တနေ့နဲ့တနေ့ မတူဘူးလေနော်။ ဒါကို ကျမတို့ မျက်ခြည်မပြတ် စောင့်ကြည့်ပြီးတော့မှ လေ့လာသုံးသပ်နေဖို့တော့ လိုတယ်။ ဆောင်ရွက်စရာ ရှိတာတွေကလည်း အဆိုးအကောင်းတွေကလည်း ပြောလို့မရဘူး၊ ရွှေတနေ့ ငွေတနေ့လိုမျိုး ဖြစ်နေတာပေါ့၊ ဆိုတဲ့ အနေအထားမျိုးမှာ စိန်ခေါ်မှုတွေကတော့ ပိုကြီးလာပါတယ်၊ နိုင်ငံငယ်တွေအတွက်ရောပေါ့။ ဒါပေမဲ့ တဖက်မှာလည်းပဲ ဒီစိန်ခေါ်မှုတွေကြားထဲမှာပဲ အခွင့်အလမ်းတွေ ဆိုတာကလည်း ရှိတတ်တယ်လို့တော့ ကျမက ယုံကြည်ပါတယ်။ ဒီလို အကောင်းမြင်စိတ်နဲ့ပဲ ကျမတို့ ဖြတ်သန်းဖို့ လိုတာပေါ့လေ” လို့ ပြောပါတယ်။

ဒေါ်ဇင်မာအောင်ကို မြူးနစ်လုံခြုံရေးညီလာခံက အစိုးရတရပ်ရဲ့ ဝန်ကြီးတပါးအနေနဲ့ ၄ နှစ်ဆက်တိုက် အသိအမှတ်ပြု ဖိတ်ကြားခဲ့တာပါ။

ညီလာခံဆွေးနွေးချက်တွေအရ မြန်မာ့အရေးဟာ နိုင်ငံတကာပြဿနာတွေ အကြားမှာ ဦးစားပေးအရေးကိစ္စ မဟုတ်ပေမဲ့ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမဲ့ အခြေအနေတရပ်မှာ ရှိနေတယ်လို့ ဒေါ်ဇင်မာအောင်က မှတ်ချက်ပေးပါတယ်။

ညီလာခံမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုရဲ့ The US in the world နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ The China in the world အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။

ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး ဥရောပနိုင်ငံတွေဟာ တော်လှန်ရေး အင်အားစုတွေဘက်မှာ ရပ်တည်နေကြောင်း သတင်းစကားရခဲ့တယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013