
အတိုက်အခံခေါင်းဆောင်ဟောင်း ကမ်ဆိုခါကို နိုင်ငံတော်သစ္စာဖောက်မှုအတွက် ချမှတ်ထားတဲ့ ထောင်ဒဏ် ၂၇ နှစ် ပြစ်ဒဏ်ကို ကမ္ဘောဒီးယား အယူခံတရားရုံးက ဧပြီ ၃၀ ရက်မှာ အတည်ပြု လိုက်ပြီး ထောင်ဒဏ်ပြီးဆုံးသွားပြီးရင်လည်း နောက် ၅ နှစ်အထိ ပြည်ပထွက်ခွာခွင့် ပိတ်ပင် လိုက်တယ်လို့ သူ့ရှေ့နေ ဖိန်းင်ဟိန်းင်က ပြောပါတယ်။
ရှေ့နေ ဖိန်းင်ဟိန်းင်က "အယူခံတရားရုံးက အောက်တရားရုံးဆုံးဖြတ်ချက်ကို အတည်ပြု လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ် ကျနော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။ အခုလို အခြေအနေမျိုးမှာ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ဦးဆောင်တဲ့ အစိုးရအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုပဲ လုပ်ဆောင်သင့်တာပါ။ ဒီနေ့ ဆုံးဖြတ်ချက်က ကျနော်တို့ မျှော်လင့် ထားသလို ဖြစ်မလာခဲ့ပါဘူး" လို့ သတင်းထောက်တွေကို ပြောကြားပါတယ်။
အမြင့်ဆုံးတရားရုံးကို ဆက်ပြီး အယူခံ ဝင်မဝင် ဆိုတာ မသေချာသေးဘူးလို့လည်း ဆိုပါတယ်။
အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ကမ်ဆိုခါဟာ ဖျက်သိမ်းခံလိုက်ရတဲ့ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီရဲ့ တွဲဖက်တည်ထောင်သူဖြစ်ပြီး၊ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကို ဖြုတ်ချဖို့ နိုင်ငံခြားအင်အားစုတွေနဲ့ ပူးပေါင်း ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၃ ခုနှစ် မတ်လမှာ အပြစ်ရှိ ကြောင်း ဆုံးဖြတ်ခံရပြီးကတည်းက နေအိမ်အကျယ်ချုပ် ၂၇ နှစ် ချမှတ်ခံခဲ့ရတာပါ။
ကမ်ဆိုခါ ကတော့ ၂၀၁၇ ခုနှစ်မှာ ဖမ်းဆီးခံရပြီးကတည်းက သူ့အပေါ်စွဲချက်တွေကို ငြင်းဆို ခဲ့ပါတယ်။
လီကာဒို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အမ်ဆမ်အာ့သ်ကလည်း နိုင်ငံရေးသမားတွေဟာ အတိတ်ကလိုပဲ ဆွေးနွေးညှိနှိုင်းရေး ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းပြီး ပြဿနာတွေကို နိုင်ငံရေးအဖြေ၊ ထောင်ဒဏ် လျှော့ချမှုတို့နဲ့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
သူက “နိုင်ငံတော် စည်းလုံးညီညွတ်ရေးနဲ့ ပြည်သူအကျိုးစီးပွားကို နိုင်ငံရေးသမားအားလုံးက ကာကွယ်သင့်ပါတယ်” လို့လည်း ဆိုပါတယ်။
ကမ်ဆိုခါရဲ့အမှုဟာ နှစ်ပေါင်း ၄၀ ကျော် ကမ္ဘောဒီးယားကို အုပ်ချုပ်လာတဲ့ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) က အတိုက်အခံတွေကို ရေရှည်ဖိနှိပ်ထားမှုထဲက အထင်ရှားဆုံးအမှုတခုလည်း ဖြစ်ပြီး အခုဆုံးဖြတ်ချက်ဟာ အင်အားချည့်နဲ့နေတဲ့ အတိုက်အခံတွေအတွက် နောက်ထပ် ထိုးနှက်ချက် တခုလည်း ဖြစ်လာပါတယ်။
အမေရိကန်ဘက်ကတော့ သူ့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေဟာ “ဖန်တီးထားတဲ့ ပူးပေါင်း ကြံစည်မှု သီအိုရီတွေ” အပေါ် အခြေခံထားတယ်လို့ အစောပိုင်းက ပြောကြားခဲ့ပါတယ်။
Source:Reuters











