
ဘန်လေအသင်းကိုအနိုင်ရတဲ့ပွဲမှာ လိဒ်စ်ယူနိုက်တက်ကစားသမားတွေရဲ့ စည်းလုံးမှုကို နည်းပြ ဒန်နီရယ်ဖာကေးက ချီးကျူးလိုက်ပြီး တန်းမဆင်းရဖို့ သင်္ချာနည်းအရ သေချာသွားတဲ့အထိ ဆက်ကြိုးစားသွားမယ်လို့ ပြောပါတယ်။
လိဒ်စ်ယူနိုက်တက်ဟာ တန်းဆင်းသွားပြီဖြစ်တဲ့ ဘန်လေကို (၃-၁) ဂိုးနဲ့ အနိုင်ရလိုက်တာကြောင့် ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ သေချာသလောက် ရှိသွားပါတယ်။
မနေ့ညက ဒီနိုင်ပွဲကြောင့် လိဒ်စ်ဟာ ရမှတ် ၄၃ မှတ်နဲ့ တန်းဆင်းဇုန်အထက် ၉ မှတ်အကွာကို ရောက်သွားသလို အဆင့် ၁၄ နေရာကနေ နယူးကာဆယ်နဲ့ စပါးတို့ရဲ့အထက်ကိုပါ ကျော်တက် သွားတာ ဖြစ်ပါတယ်။
ဒီပွဲမှာ လိဒ်စ်အတွက် အနိုင်ဂိုးတွေကို အန်တွန်စတက်ရှ်၊ အိုကာဖော်နဲ့ ကယ်လ်ဗတ်လူဝင်တို့က သွင်းပေးခဲ့တာပါ။
လိဒ်စ်ဟာ ဒီရာသီမှာ မန်ယူကို အိုးထရပ်ဖို့ဒ်မှာ အနိုင်ရခဲ့သလို FA ဖလား ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေလည်း ရှိထားပါတယ်။
Photo:Reuters










