
သီရိလင်္ကာ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန (CID) ဟာ ၂၀၁၉ ခုနှစ် အီစတာ တနင်္ဂနွေနေ့ ဗုံးခွဲ တိုက်ခိုက်မှုတွေနဲ့ ဆက်နွှယ်တယ်ဆိုပြီး ထောက်လှမ်းရေးအကြီးအကဲဟောင်း အငြိမ်းစားဗိုလ်ချုပ် ဆူရတ်ရှ်ဆာလီကို ဖေဖော်ဝါရီ ၂၅ ရက်မှာ ဖမ်းဆီးလိုက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး အက်ဥပဒေအရ ကိုလံဘိုမြို့မှာ စစ်ဆေးနေတယ်လို့ ရဲပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၇၉ ယောက် သေဆုံးခဲ့ပြီး ၅၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။
ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဌာန (CID) ကနေ သတ်မှတ်ထားတဲ့ စွဲချက်တွေကို စောင့်ဆိုင်းနေပြီး မကြာခင်မှာ သူ့ကို တရားရုံးထုတ်သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဗိုလ်ချုပ် ဆာလီဟာ ၂၀၁၉ ခုနှစ် ဗုံးခွဲမှုဖြစ်ပွားချိန်မှာ စစ်တပ်ရဲ့ အဆင့်မြင့်ရာထူးတခုမှာ ရှိနေခဲ့ပြီး နှစ်ကုန်ပိုင်းမှာ သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာက နိုင်ငံတော်ထောက်လှမ်းရေးဌာန အကြီးအကဲအဖြစ် ခန့်အပ်ခဲ့တာပါ။
ဗိုလ်ချုပ်ဟောင်း ဆာလီဟာ ဒီတိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်နေတယဆိုတဲ့ စွပ်စွဲချက်တွေကို အရင်ကတည်းက ငြင်းဆိုထားပါတယ်။
၂၀၂၃ ခုနှစ်မှာ ဗြိတိန်အခြေစိုက် ချန်နယ်လ် 4 သတင်းဌာနက ဖော်ပြခဲ့ရာမှာ သူဟာ ဗုံးခွဲသမားတွေနဲ့ ဆက်စပ်မှုရှိပြီး ၂၀၁၉ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရာဂျာပက်ဆာ အနိုင်ရဖို့ ဒီတိုက်ခိုက်မှုတွေ ဖြစ်ပွားအောင် သူက နောက်ကွယ်ကနေ ခွင့်ပြုပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
၂၀၂၄ ခုနှစ်မှာ တက်လာတဲ့ လက်ရှိသမ္မတ အနူရား ကူမာရား ဒစ်စားနာယကေးကတော့ ဒီအီစတာ ဗုံးခွဲမှုမှာ ပါဝင်ပတ်သက်သူ မှန်သမျှကို ထိရောက်စွာ အရေးယူမယ်လို့ ကတိ ပြုထားတာပါ။
၂၀၁၉ ခုနှစ်၊ ဧပြီ ၂၁ ရက် အီစတာတနင်္ဂနွေနေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ ခရစ်ယာန် ဘုရားကျောင်း ၃ ကျောင်းနဲ့ ဟိုတယ် ၃ လုံးကို ပစ်မှတ်ထားခဲ့တာပါ။
သီရိလင်္ကာသမိုင်းမှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်ကြောင့် လူပေါင်း ၂၈၀ နီးပါး သေဆုံးခဲ့တဲ့ အပြင် လူ ၅၀၀ လောက် ဒဏ်ရာရရှိခဲ့ကာ အများစုဟာ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ကြပါတယ်။ လက်ရှိမှာလည်း တခြားပတ်သက်သူတွေကို တရားရုံးမှာ ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
Source:Reuters










