DVB Logo
Home
မြန်မာသတင်း
ဒိုင်ရ် CDF က လူငယ် ၄၀ ကျော်ကို စစ်မှုထမ်းရန် ဖမ်းဆီး
DVB
·
February 26, 2026
ဒိုင်ရ် CDF က လူငယ် ၄၀ ကျော်ကို စစ်မှုထမ်းရန် ဖမ်းဆီး
Donate to DVB

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ဒိုင်ရ်ဒေသထဲက ကျေးရွာ ၃ ရွာက အသက်မပြည့်သေးတဲ့ လူငယ်တွေ အပါအဝင် အယောက် ၄၀ ကျော်ကို CDF Daai တပ်ဖွဲ့က တပ်ထဲဝင်ဖို့ ဖမ်းဆီးထားတယ်လို့ ဒေသခံပြည်သူတွေက DVB ကို ပြောပါတယ်။

ဒိုင်ရ်ဒေသ အုပ်ချုပ်ရေးနယ်မြေ ၁၊ ကန်ပက်လက်မြို့နယ် အတွင်းက ရှင်ဘောင်၊ မကွီရှစ်၊ အောက်ရင်း ကျေးရွာတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက် မနက်အစောပိုင်းမှာ CDF Daai က တပ်ခွဲမှူးတယောက် ဦးဆောင်ပြီး ကျေးရွာတာဝန်ရှိသူတွေကို အကြောင်းကြားတာမရှိဘဲ ရွာကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

ရွာလူကြီးတွေရဲ့ တောင်းဆိုမှုနဲ့ လူငယ်ရှိတဲ့ မိသားစုက မိဘတွေကို အစည်းအဝေးပြုလုပ်ပေးခဲ့ပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူတွေနဲ့ အလယ်တန်း၊ အထက်တန်း တက်နေသူတွေကို စာရင်းကောက်ယူပြီး တအိမ်တယောက်နှုန်း စစ်မှုထမ်းအတွက် စေလွှတ်ဖို့ ပြောဆိုသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ခြိမ်းခြောက်တော့ ကျနော်တို့က ၁၇ ယောက်ပေးတယ်၊ အဲဒါကို သူတို့က အင်အားအလုံးအရင်းနဲ့ ၄၀၊ ၅၀ နဲ့ အိမ်ကိုဝိုင်းပြီးတော့မှ ရဲဘော်မထည့်ပေးတဲ့ မိသားစုကို ခြိမ်းခြောက်ပြီးတော့မှ မိသားစုကို ခေါ်သွားတယ်၊ သူတို့ ကင်းစောင့်တဲ့စခန်းကို ခေါ်သွားတယ်။ ခေါ်သွားတဲ့အချိန်မှာ သူတို့သားသမီးတွေကို စာရင်းထည့်တယ်၊ သူတို့ထည့်တဲ့စာရင်းကို ပြန်ပြီးခေါ်ရမယ် ဖြစ်ကြတယ်”လို့ ပြောပါတယ်။

CDF Daai က သားသမီးရှိတဲ့ မိဘတွေကို စခန်းကို ခေါ်ဆောင်သွားပြီး စစ်မှုထမ်းဖို့အတွက် ကျောင်းတက်နေတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ စာရင်းကို ကောက်ယူခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် အဲဒီစာရင်းကောက်ထားတဲ့ အသက် ၁၆ နှစ်ကနေ ၃၅ နှစ်အကြား လူငယ်တွေ စစ်မှုမထမ်းရင် မိဘတွေကို ပြန်မလွှတ်ဘဲထားမယ်လို့ ပြောဆိုတဲ့အတွက် အသက်မပြည့်သေးတဲ့သူတွေ အပါအဝင် လူငယ် အယောက် ၄၀ ‌ကျော်ကို ထည့်ပေးလိုက်ရတယ်လို့ ရွာခံတွေက ပြောပါတယ်။

ကျေးရွာတွေကို ဝင်ရောက်စီးနင်းတဲ့နေ့ကစလို့ ရွာခံတွေအသုံးပြုတဲ့ စတားလင့် အင်တာနက်လိုင်းတွေ ဖြတ်တောက်တာ၊ မော်တော်ကားလမ်းပိတ်ဆို့တာ၊ ရွာသားတွေကို အပြင်ထွက်ခွင့်မပေးတာ ၂ ပတ်ဝန်းကျင်ရှိပြီလို့ ရွာခံတွေက ပြောပါတယ်။

CDF Daai တပ်ဖွဲ့တွေက ကျေးရွာကို ပိတ်ဆို့ထားလို့ ရွာရဲ့ စီးပွားရေးဖြစ်တဲ့ ဝဥတွေကိုလည်း ရောင်းချခွင့် မရတဲ့အတွက် မိဘတွေက သူတို့ရဲ့ သားသမီးတွေကို စစ်မှုထမ်းဖို့ မဖြစ်မနေ ထည့်ပေးလိုက်ရတယ်လို့ ရွာသားတယောက်က ပြောပြပါတယ်။

“မိဘတွေကလည်း မခံနိုင်တော့ဘူး၊ ရပ်ရွာကလည်း မခံနိုင်တော့ဘူး၊ သာရေး နာရေးတွေလည်း အကုန်ပိတ်တာဆိုတော့ မတတ်နိုင်တော့တဲ့အဆုံး သူတို့ဆန္ဒကို လိုက်လျောလိုက်ရတယ်။ သူတို့ သားသမီးတွေကို ၁၅၊ ၁၆ နှစ်တွေပဲ ရှိနေပေမဲ့ ဒီအခြေအနေကို မလွန်ဆန်နိုင်လို့ သူတို့သားသမီးတွေကို ထည့်လိုက်ရတယ်၊ ပေးလိုက်ရတဲ့ အခြေအနေရှိတယ်။ ၁၅၊ ၁၆ တွေဆိုတော့ ကိုးတန်း ဆယ်တန်း အရွယ်တွေပေါ့၊ စစ်မှုထမ်းဖို့ လွှတ်လိုက်ရတယ်။ သူတို့ထွက်သွားတဲ့နေ့ဆို တရွာလုံး ငိုကြရတယ်။ မျက်ရည်နဲ့မျက်ခွက်ပဲ။ သူတို့က စည်းရုံးရေးလည်း အရင်လာတာမဟုတ်ဘူး။ သူတို့ဝင်ချင်သလို ဝင်ပြီး လုပ်ချင်တာ လုပ်သွားတဲ့သဘော။”

CDF Daai က အလယ်တန်းနဲ့ အထက်တန်း အရွယ်ကလေးတွေလည်း စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတဲ့အတွက် ကျေးရွာကျောင်းတွေကို လက်ရှိအချိန်မှာ ပိတ်သိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၂ တန်းကျောင်းသားတွေက မတ်လမှာ စာမေးပွဲဖြေဆိုရမှာ ဖြစ်တဲ့အတွက် ကလေးတွေနဲ့ အဆက်အသွယ်ရဖို့ကိုလည်း မိဘတွေက ကြိုးစားနေပါတယ်။

ဒေသခံတယောက်က “အဖမ်းခံရတဲ့ ကလေးအငယ်ဆုံးက ၁၄ နှစ်ကျော် ၁၅ နှစ်ဖြစ်မယ်၊ Grade 6, 7 အရွယ်လေးတွေ ပါသွားတယ်ပေါ့နော်။ အခု ကျောင်းက လောလောဆယ် ပိတ်ထားရတဲ့ အခြေအနေပါ။ ၁၂ တန်းကလေးတွေက မတ်လ ပထမအပတ်မှာ စာမေးပွဲဖြေရတော့မှာလေ။ အဲဒါ သူတို့က စစ်သားစုဆောင်းရေး လုပ်တယ်ဆိုတော့ ကလေးတွေက ကြောက်ပြီးမှ ထွက်ပြေးတာ။ တချို့ကလေးတွေဆို ကြောက်ပြီးမှ ထွက်ပြေးတာ။ တချို့ကလေးတွေဆို အကြောက်လွန်ပြီး ဆေးရုံရောက်ကြတာလည်း ရှိတယ်”လို့ ပြောပါတယ်။ 

လက်ရှိမှာတော့ တပ်သားသစ်စုဆောင်းခံထားရတဲ့ လူငယ်တွေကို CDF Daai camp မှာ ထိန်းသိမ်းထားပြီး စစ်သင်တန်းပို့ဖို့ လုပ်ဆောင်နေတယ်လို့ ရွာခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အခုလို Daai CDF က တပ်သားသစ်စုဆောင်းတာဟာ ချင်းပြည်သူ့တပ်မတော် (CPA) အမိန့်နဲ့ တပ်သားသစ်စုဆောင်းတယ်လို့ ရွာခံတွေကို ပြောဆိုခဲ့ပေမဲ့ DVB အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိပါဘူး။

ဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ Daai CDF တာဝန်ရှိသူနဲ့ ချင်းပြည်သူ့တပ်မတော် CPA တာဝန်ရှိသူတွေကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေအထိ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013