
ဗင်နီဇွဲလား ရှေ့နေချုပ် တာရက်ခ် ဆာ့ဘ်နဲ့ နိုင်ငံရဲ့ ပြည်သူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အကြီးအကဲတို့ အသီးသီး နုတ်ထွက်သွားကြကြောင်း ဗင်နီဇွဲလားနိုင်ငံရဲ့ ဥပဒေပြုလွှတ်တော်က ဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် ရာထူးအပြောင်းအလဲတွေ ရှိခဲ့ပါတယ်။
၉ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၆၃ နှစ်အရွယ် ရှေ့နေချုပ် ဆာ့ဘ်ဟာ ရာထူးက နုတ်ထွက်သွားပေမဲ့ လွှတ်တော်က သူ့ကို လစ်လပ်သွားတဲ့ ပြည်သူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အရာရှိ ယာယီအကြီးအကဲအဖြစ် ချက်ချင်း ပြန်ရွေးချယ်လိုက်ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ ဟော်ရ်ဟဲ ရိုဒရီဂတ်ဇ်ကဆာ့ဘ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်မှု တသက်တာ အတွေ့အကြုံကို ချီးကျူးဂုဏ်ပြုစကားဆိုပြီး ဒီတာဝန်ကို ပေးအပ်ခဲ့တာပါ။
ဒါပေမဲ့ တာရက်ခ် ဆာ့ဘ်ရဲ့ ရှေ့နေချုပ်သက်တမ်းမှာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရပါတယ်။
သူဟာ သမိုင်းဝင် အခြေအနေတွေကြားမှာ သူ့ရာထူးကို ဂုဏ်သိက္ခာရှိရှိနဲ့ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်လို့ နုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။
ဆာ့ဘ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက ခန့်အပ်ခံခဲ့ပြီး အစိုးရအနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အကြီးစား လာဘ်စားမှု အရှုပ်တော်ပုံတွေကို ကိုင်တွယ်ဖြေရှင်းခဲ့သလို အပြိုင်အဆိုင် သမ္မတ ရွေးကောက်ပွဲ အပြီး ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ ဆက်နွှယ်ကာ အတိုက်အခံခေါင်းဆောင်တွေ၊ ဆန္ဒပြသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့မှုတွေကိုလည်း ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။
အတိုက်အခံတွေနဲ့ ဆန္ဒပြသူတွေကို မတရား ဖမ်းဆီးထောင်ချမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံထားရပေမဲ့ တက်တူးတွေနဲ့ ကဗျာဆရာတယောက်လည်းဖြစ်တဲ့ ဆာ့ဘ်ကတော့ သူ့နိုင်ငံမှာ ‘နိုင်ငံရေးအကျဉ်းသား’ ဆိုတာ မရှိဘူးလို့ အမြဲတမ်း ငြင်းဆိုခဲ့သူ ဖြစ်ပါတယ်။
လစ်လပ်သွားတဲ့ ရှေ့နေချုပ် နေရာမှာတော့ အမျိုးသားလူ့အခွင့်အရေးကောင်စီ အကြီးအကဲ လာရီ ဒေးဗိုးကို ယာယီရှေ့နေချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
လာရီ ဒေးဗိုးကတော့ ခွဲခြားဆက်ဆံမှုတွေကင်းပြီး ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ တရားစီရင်ရေးစနစ်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ကတိသစ္စာပြုခဲ့ပါတယ်။
လွှတ်တော်အနေနဲ့ အမြဲတမ်း ရှေ့နေချုပ်နဲ့ အရာရှိသစ်တွေကို ရွေးချယ်ဖို့အတွက် ကော်မတီတွေ ဆက်လက်ဖွဲ့စည်းသွားမှာဖြစ်ပြီး အမြဲတမ်း အစားထိုးခန့်အပ်မှုတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ရိုဒရီဂတ်ဇ်က ပြောပါတယ်။
Source: Reuters











