
အာဂျင်တီးနားနိုင်ငံ ပါတာဂိုးနီးယားဒေသမှာ ကမ္ဘာ့အသေးဆုံး ဒိုင်နိုဆောမျိုးစိတ်တမျိုးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အယ်လ်နာရှီထရီ ဆာရိုပိုလီစီယန်စစ်လို့ အမည်ပေးထားတဲ့ ဒီ ဒိုင်နိုဆောလေးဟာ ကျီးကန်းတကောင်စာလောက်သာ အရွယ်ရှိပြီး အလေးချိန် ၀ ဒသမ ၇ ကီလိုဂရမ်လောက်ပဲ ရှိပါတယ်။
အယ်လ်နာလို့ ချစ်စနိုးခေါ်ကြတဲ့ ဒီဒိုင်နိုဆောလေးဟာ ဖွတ်၊ မြွေနဲ့ နို့တိုက်သတ္တဝါ အသေးစားလေးတွေကို အမဲလိုက် စားသောက်လေ့ရှိတယ်လို့ သိရပါတယ်။
အခုတွေ့ရတဲ့ ရုပ်ကြွင်းဟာ အသက် ၄ နှစ်အရွယ် အမဖြစ်ပြီး သေဆုံးပြီးနောက် သဲသောင်ပြင်အောက်မှာ အမြန်ဖုံးလွှမ်းသွားတာကြောင့် အကောင်းပကတိနီးပါး ကျန်ရစ်နေတာပါ။
ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် အယ်လ်ဘာတို အပက်စတက်ဂီယာက “အယ်လ်နာရှီထရီဟာ ကြက် ဒါမှမဟုတ် ကျီးကန်းအရွယ်လောက်ရှိတဲ့ အရွယ်ရောက်ပြီးသား ဒိုင်နိုဆောတကောင် ဖြစ်ပါတယ်” လို့ ပြောပါတယ်။
သူတို့ဟာ ငှက်တွေနဲ့ ဆင်တူပေမဲ့ မျိုးတော်တော်ဝေးပြီး ဂင်တိုတိုနဲ့ သန်မာတဲ့ ရှေ့လက်တွေနဲ့ ရှည်လျားတဲ့ နောက်ခြေထောက်တွေ ပါရှိပါတယ်။
ဒီဒိုင်နိုဆောလေးတွေ ရှင်သန်ခဲ့တဲ့ခေတ်ဟာ လွန်ခဲ့တဲ့ နှစ်သန်း ၉၀ ကျော်က ဧရာမ ဒိုင်နိုဆောကြီးတွေ ကြီးစိုးခဲ့တဲ့ကာလနဲ့ တထပ်တည်းကျနေတယ်လို့ အပက်စတက်ဂီယာက ဆိုပါတယ်။
“အယ်လ်နာရှီထရီကတော့ အဲဒီခေတ်ဟာ ဧရာမသတ္တဝါကြီးတွေရဲ့ခေတ်သက်သက် မဟုတ်ဘဲ ဇီဝမျိုးစုံမျိုးကွဲတွေ အလွန်ပေါများတဲ့ခေတ် ဖြစ်တယ် ဆိုတာကို ပြသနေပါတယ်” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Source: Reuters










