DVB Logo
Home
Lead Story
ကိုယ်ကျိုးရှာရန် တာစူနေသည့် ကြံ့ခိုင်ရေး နှင့် စစ်ဗိုလ်အမတ်များ
DVB
·
February 25, 2026
ကိုယ်ကျိုးရှာရန် တာစူနေသည့် ကြံ့ခိုင်ရေး နှင့် စစ်ဗိုလ်အမတ်များ
Donate to DVB

အာဏာသိမ်းစစ်တပ်၏ လိုရာဆွဲ ကျင်းပခဲ့သည့် ၂၀၂၅-၂၀၂၆ အတုအယောင် ရွေးကောက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်၍ အစိုးရဖွဲ့ရေး စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီတို့ စစ်ခေါင်းဆောင် အလိုကျ တံခါးပိတ်စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ပွဲကာလ၌ တချို့သောအမတ်လောင်းများသည် ပြည်သူအတွက် ကြီးမားသော ကတိကဝတ်များ မစားရဝခမန်း ကတိများ ပေးကြခြင်းဖြင့် ရွေးကောက်ပွဲဝင်ခဲ့ကြသည်။

ထို မစားရဝခမန်းထဲ စစ်ကိုင်းမှ ဝင်ပြိုင်သည့် ဒုဗိုလ်ချုပ်ကြီး သက်ပုံ၏ မဖြစ်နိုင်သည့် သိန်း ၁၀၀ ဖိုး ကား ၃ စီး၊ စစ်ခေါင်းဆောင် ဖျက်၍ ပျက်နေပြီဖြစ်သည့် မြန်မာ့စီးပွားရေးကို ဦးသိန်းစိန် လက်ထက်ကကဲ့သို့ စီးပွားပြန်ဖြစ်ရမည် ဆိုသည့် ခင်ရီ၏ မဖြစ်နိုင်သော ကြွေးကြော်သံတို့သည် လူအများကြား ဟာသ ဖြစ်ခဲ့ရသည်။

ပြိုင်တိုင်းနိုင် NLD မပါသည့် ထိုရွေးကောက်ပွဲတွင် စစ်တပ်ကြိုးဆွဲ ကြံ့ခိုင်ရေးပါတီသည် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၂၁ အပါအဝင် ပြည်ထောင်စုလွှတ်တော်၌ ၃၃၉ ယောက် တိုင်းပြည်နယ်လွှတ်တော်တွင် ၃၇၉ ယောက်ဖြင့်  အမတ်နေရာစုစုပေါင်း ၇၃၉ ယောက်  ရရှိခဲ့သည်။

ထို ကြံ့ခိုင်ရေးအမတ်များအပါအဝင် တသီးပုဂ္ဂလ အမတ် ၁ ဦးနှင့် ဗိုလ်နေဝင်း၏ တစည၊ ဦးကိုကိုကြီးနှင့် ဒေါ်သက်သက်ခိုင် ပါတီအပါအဝင် စစ်တပ်ထောက်ခံ နိုင်ငံရေးပါတီ ၃၀ တို့မှ အမတ် ၂၈၆ ယောက်တို့သည် မကြာမီ ခေါ်ယူတော့မည့် လွှတ်တော်အသီးသီးသို့ ပြည်သူ့ကိုယ်စားလှယ် အသွင်ဆောင်ကာ တက်ရောက်ကြတော့မည် ဖြစ်သည်။

အတုအယောင် ဒီမိုကရေစီစနစ်အောက်တွင်ဟု ဆိုစေကာမူ အမတ်တဦး၏ အဓိကတာဝန်သည် ပြည်သူ့အကျိုးကို ကိုယ်စားပြုခြင်းပင် ဖြစ်သည်။ ဒီမိုကရေစီအစစ်အောက်တွင်ဆိုလျှင် ဆိုဖွယ်မရှိတော့။

ယခုတွင် ထိုသို့ မဟုတ်ကြပေ။ ကြားသိရမိသည့်အလျောက် အနိုင်ရပြီးနောက်တွင်မူ အမတ်အချို့တို့သည် ကိုယ်ပိုင်စီးပွား တိုးတက်ရေး၊ မိသားစုနှင့် ဆက်စပ်သူများကို အခွင့်အရေးပေးခြင်းတို့အား ရာထူးစီးပွားရလိုမှုများနှင့်အတူ အာရုံစိုက်လျက် ရှိနေကြပါသည်။

လတ်တလောတွင် ကြံ့ခိုင်ရေးပါတီ အမတ်လောင်းအချို့၏ လုပ်ရပ်များကို ကြည့်လျှင် ပြည်သူ့အကျိုးထက် ကိုယ်ကျိုးစီးပွားကို ဦးစားပေးနေသည်ဟု ထင်ရှားစွာ မြင်တွေ့ရသည်။ မဲဆွယ်စည်းရုံးရာတွင်တော့ ဆင်းရဲသားများအား ကူညီမည်၊ ဒေသဖွံ့ဖြိုးရေးလုပ်မည်ဟု ကတိပေးကြသော်လည်း လက်တွေ့တွင်တော့ ထိုသို့ မဟုတ်ကြပေ။

ကြံ့ခိုင်ရေးပါတီနှင့် ဆယ်စုနှစ်တစုကျော် ရင်းနှီးစွာ နီးကပ်စွာနေခဲ့သူတယောက်က “တချို့တွေဆိုရင် ရွေးကောက်ပွဲက မလုပ်ရသေးဘူး။ နိုင်မယ်မှန်း သိနေတော့ အမတ်ဖြစ်ရင် ဘာလုပ်မယ်၊ ဝန်ကြီးဖြစ်ရင် ဘာလုပ်မယ်က ပြောဆိုနေကြတာ” ဟု ပြောပြသည်။

အမတ်တဦး၏ တန်ဖိုးသည် သူ ရရှိသည့် အာဏာပမာဏတွင် မရှိဘဲ ပြည်သူ့ဘဝ တိုးတက်ရေးအတွက် ဘယ်လောက် အကျိုးပြုနိုင်သလဲဆိုသည့် အချက်တွင်သာ ရှိနေသည်။

အချို့ ကြံ့ဖွံ့ USDP အမတ်များသည် အာဏာရှိသူများနှင့် နီးစပ်မှုကို အသုံးချ၍ လုပ်ငန်းခွင် အခွင့်အရေးများ ရယူခြင်း၊ ဒေသခံပြည်သူများ၏ မြေယာနှင့် သယံဇာတများကို ကိုယ်ပိုင်အကျိုးအတွက် အသုံးချခြင်းများ ပြုလုပ်နေကြ၍ ဝေဖန်သံများ ထွက်ပေါ်နေသည်။

ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူက “အထင်ရှားဆုံးက မွန်ပြည်နယ်က လောင်းကစားဝိုင်းတွေနဲ့ ရန်ကုန်က ချိန်ခါမဲ့ ပွဲဈေးကြီးတွေပဲ။ ရေကျော်နဲ့ တာမွေ ပြီးတော့ မြောက်ဥက္ကလာပ မယ်လမုဘုရား ဈေးပွဲတော် အဲ့ဟာတွေ စုံစမ်းကြည့်၊ အမတ်တွေကိုပါ ဂါနေကြရတယ်” ဟု ပြောသည်။

အဆိုးဆုံးက ရန်ကုန်မှ အမတ်များ ဖြစ်နေသည်။ ၎င်းတို့အကျိုးအတွက် လက်ရှိတွင် ရန်ကုန်အစိုးရနှင့် စည်ပင်တို့တွင် မြေကွက်များ လျှောက်နေကြပြီ ဖြစ်သည်။

ထိုအကြောင်း သိရှိထားသူက “ရန်ကုန်မှာက ရပ်ကွက်တွေမှာ မီးတားနယ်မြေ......ဆိုတာ ရှိတယ်လေ။ အဲဒါတွေက မြို့ပြ မြေကွက်ဖော်တဲ့အခါကတည်းက အလွတ်ထားတာ။ အဲဒါတွေကို ဂရန်လျှောက်ပြီး ရောင်းစားဖို့ လုပ်ကြတာ” ဟု ပြောပြသည်။

ကိုယ်ကျိုးအတွက် တဆင့်ထပ်တိုးနေကြသည့် နိုင်ငံရေးရာထူး ရယူလိုကြသည့် အမတ်များကလည်း သီးခြားရှိနေကြပြန်သည်။

စစ်ခေါင်းဆောင်က ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်အား အစိုးရအဖွဲ့ထဲ ပါလိုသူများအား ကာလုံအမှုဆောင်ချုပ် အောင်လင်းဒွေးနှင့် ညှိနှိုင်းပြီး စာရင်းပေးရန် လမ်းညွန်ထားသည်။ ထိုတွင် အစိုးရအဖွဲ့ထဲ ပါလိုသူများသည် ကြံ့ခိုင်ရေး ခင်ရီ အနား ရစ်သီရစ်သီ ဖြစ်နေကြသည်။

ကြံ့ခိုင်ရေး အတွင်းသတင်းအရ လျှပ်စစ်၊ စွမ်းအင်၊ နိုင်ငံခြား စီးပွားဆက်သွယ် အစရှိသည့် ဝန်ကြီးထိုင်ခုံများကို အဆိုပြုထားသည်ဟု သိရသည်။

ကြဲ့ခိုင်ရေးနှင့် နီးစပ်သူတယောက်က  “ကြံ့ခိုင်ရေးပါတီက အမတ်တွေဆိုရင် ဝန်ကြီးရူး ရူးနေကြတာ။ အဓိက အပြိုင် တောင်းနေကြတာကတော့ လုပ်ပိုင်ခွင့်ရ နေရာတွေပဲ။ ဦးမောင်မြင့် ဆို နိုင်ငံခြားရေး၊ ဦးခင်မောင်စိုး က လျှပ်စစ်” ဟု ကြံ့ခိုင်ရေးနှင့် ဆယ်စုနှစ်တစုကျော် ရင်းနှီးစွာဖြင့် နီးကပ်စွာနေခဲ့သူက ပြောပြသည်။

ယင်းအပြင် ဒုဝန်ကြီးနေရာများ၊ တိုင်း/ပြည်နယ် ဝန်ကြီးနေရာများလည်း ပါဝင်သည်။

“သာကေတက ပြည်သူ့ရှေ့ဆောင် ဦးဌေးအောင် ဆိုပြီး သူ့ဟာသူ ကင်ပွန်းတပ်သူကလည်း ရန်ကုန်ဝန်ချုပ် ဆိုပြီး သတင်းတွေ လွှင့်နေကြတာ” ဟု ထိုအကြောင်း ကြားရ၊ သိရသူက ပြောသည်။

လက်ရှိ နိုင်ငံရေးအခြေအနေအောက်တွင် ကြံ့ခိုင်ရေးနှင့် စစ်တပ်ထောက်ခံ အမတ်တို့၏ အရည်အချင်းနှင့် လုပ်ရပ်များသည် ပြည်သူ့အကျိုးကို ကိုယ်စားပြုရန် လာကြသူများမဟုတ်ဘဲ ကိုယ်ပိုင်အကျိုးစီးပွား တိုးတက်ရေးအတွက်သာ နိုင်ငံရေးကို အသုံးချနေကြသူများ ဖြစ်ကြောင်း မျှော်တွေးစရာ မလိုဘဲ ထိုသူတို့ ဖြတ်သန်းလာကြသည့် သမိုင်းကြောင်းများကို ကြည့်ခြင်းဖြင့်ပင် ထင်ရှားနေပြီ ဖြစ်သည်။

ထိုသူတို့ထက် လည်သည့် စစ်တပ်သည် တပ်ကိုယ်စားလှယ်များအား စာရင်းထုတ်ပြန်ထားစဉ် တိုင်း/ပြည်နယ်များ၌ ဗိုလ်မှူးကြီး/ဗိုလ်မှူးချုပ်များဖြင့် တိုင်း/ပြည်နယ်အစိုးရအဖွဲ့များအား စီစဉ်ထားသည်။

ပြည်သူ့ကိုယ်စားပြုမည့် အမတ်တဦးသည် ကိုယ်ကျိုးစီးပွားရှာသူ မဖြစ်သင့်သည့်အပြင်၊ ကိုယ်ကျိုးစီးပွားရှာသည့် အမတ်လောင်းများကြောင့် ပြည်သူ့ဒုက္ခများသာ ပိုမိုနက်ရှိုင်းလာမည် ဖြစ်သည်။

ညိမ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013