
ဗင်နီဇွဲလားနိုင်ငံမှာ အသစ်ပြဌာန်းလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ အသက်ဝင်လာပြီး နောက်မှာ ထောင်မှလွတ်မြောက်သူ သို့မဟုတ် ဥပဒေအရ ကန့်သတ်ချက်တွေ ရုပ်သိမ်းခံရသူ စုစုပေါင်း လူဦးရေ ၂,၂၀၀ နီးပါး ရှိနေပြီဟု အာဏာရပါတီ လွှတ်တော်အမတ်လည်းဖြစ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ ဟော်ရ်ဟဲအာရယ်အာဇာက ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြောပါတယ်။
ဥပဒေအရ လူပေါင်း ၁၇၇ ယောက်ကို အကျဉ်းထောင်မှ လွှတ်ပေးခဲ့ပြီး တရားရုံးမှာ မကြာခဏ သတင်းပို့ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေအောက်က ၂,၀၂၁ ယောက်ကိုလည်း အပြည့်အဝ လွတ်မြောက်ခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ လွတ်ငြိမ်းခွင့် လျှောက်ထားသူ ၃,၀၀၀ ကျော်ရှိနေပြီး တရားရုံးတွေက ၁၅ ရက်အတွင်း အမြန်ဆုံး စိစစ်ပေးနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်ကမှ အတည်ပြုခဲ့တဲ့ ဒီဥပဒေဟာ ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးအတွက် လုံလောက်တဲ့ သက်ညှာမှု မရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြပြီး ဒီဥပဒေဟာ ၂၀၀၂ ကနေ ၂၀၂၅ အတွင်း ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့သူတွေကို လွတ်ငြိမ်းခွင့်ပေးတာ ဖြစ်ပေမဲ့ ဘယ်လိုပြစ်မှုမျိုးတွေကို လွှတ်ပေးမယ်ဆိုတာ တိတိကျကျ ဖော်ပြမထားပါဘူး။
ဒီဥပဒေဟာ "ပြစ်မှုမြောက်တဲ့ လုပ်ရပ်တွေကို ရပ်တန့်လိုက်သူတွေ" ကိုပဲ အကျုံးဝင်မှာ ဖြစ်တာကြောင့် ပြည်ပကနေ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်လုပ်နေတဲ့ အတိုက်အခံအများစုအတွက် ဒီဥပဒေက အကျုံးမဝင်ဘူးလို့ ယူဆရကြောင်း ရိုက်တာစ်သတင်းက ဆိုထားပါတယ်။
အစိုးရကတော့ နိုင်ငံရေးအကျဉ်းသား ရှိတယ်ဆိုတာကို အမြဲငြင်းဆိုခဲ့ပြီး ဖမ်းထားသူတွေဟာ ရာဇဝတ်မှု ကျူးလွန်သူတွေလို့ပဲ ပြောလေ့ရှိပါတယ်။
ဒီဥပဒေဟာ ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်တဲ့ လုပ်ရပ်တချို့ကို ပြေလျော့ သက်သာစေတာဖြစ်ပေမဲ့ သိမ်းဆည်းခံထားရတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်မပေးသလို၊ နိုင်ငံရေးအရ ပိတ်ပင်ထားတဲ့ ရာထူးတာဝန်တွေနဲ့ မီဒီယာတွေအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်မှုတွေကိုလည်း ရုပ်သိမ်း မပေးပါဘူး။
ပြည်ပရောက်နေသူတွေ လွတ်ငြိမ်းခွင့်ရချင်ရင် ဗင်နီဇွဲလားကို ကိုယ်တိုင်ပြန်လာဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ ဒီဥပဒေ မပြဋ္ဌာန်းခင်ကတည်းက ယာယီသမ္မတ ဒဲလ်စီ ရိုဒရီဂက်စ်ဟာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ထားသူ ရာနဲ့ချီကို လွှတ်ပေးခဲ့ပြီးပါပြီ။
ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ သမ္မတ နီကိုးလပ်စ် မာဒူရို ဖမ်းဆီးခံရပြီးနောက် အမေရိကန်နဲ့ ဆက်ဆံရေးပြန်ကောင်းဖို့ လုပ်ဆောင်တဲ့ သဘောတူညီချက်တွေထဲက တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
အတိုက်အခံ နိုင်ငံရေးသမားတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းတွေ၊ သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အကြမ်းဖက်မှု၊ နိုင်ငံတော်ပုန်ကန်မှု စတဲ့ စွပ်စွဲချက်တွေကို ကြာမြင့်စွာ ရင်ဆိုင်နေရတာပါ။
ဒီပြစ်မှုတွေနဲ့ စွဲချက်တွေဟာ မတရားသဖြင့် လုပ်ကြံထားတာဖြစ်ပြီး အခြေအမြစ်မရှိဘူးလို့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေက ပြောပါတယ်။










