
အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ၂ ကျော့စလုံးမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့် အသင်းမှာ နစ်နာမှုတွေရှိခဲ့တယ်လို ဘာစီလိုနာက UEFA ထံ ဒုတိယအကြိမ် ထပ်မံတိုင်ကြားလိုက်ပါတယ်။
ဘာစီလိုနာဟာ နှစ်ကျော့ပေါင်း (၃-၂) ဂိုး ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပွဲစဉ်တိုင်းမှာ အသင်းနောက်ခံ လူတွေဖြစ်တဲ့ ကျူဘာစီနဲ့ အဲရစ်ဂါစီယာတို့ အနီကတ်ပြသခံခဲ့ရတာပါ။
အဆိုပါ အနီကတ်တွေအပြင် ပင်နယ်တီရသင့်တဲ့ အခြေအနေတွေမှာ VAR မကြည့်ဘဲ ကျော်ဖြတ် ခဲ့တာတွေက အသင်းရဲ့ အားကစားရေးရာနဲ့ ဘဏ္ဍာရေးပိုင်းကိုပါ ထိခိုက်စေတယ်လို့ ကလပ်အသင်း က ထုတ်ပြန်ပါတယ်။
ဒဏ်ရာကြောင့် ပွဲလွဲခဲ့တဲ့ ရာဖင်ညာကလည်း ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ "ဓားပြတိုက်ခံရတာ" နဲ့ တူတယ်လို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။










