DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကို မူးယစ်ရာဇာ သူ့ချစ်သူနှင့် ချိန်းတွေ့ ပျော်ပါးစဉ် အသတ်ခံရခြင်းဖြစ်
DVB
·
February 24, 2026
မက္ကဆီကို မူးယစ်ရာဇာ သူ့ချစ်သူနှင့် ချိန်းတွေ့ ပျော်ပါးစဉ် အသတ်ခံရခြင်းဖြစ်
Donate to DVB

'အယ်လ်မန်ချို' လို့ ထင်ရှားတဲ့ မူးယစ်ရာဇာ နီမီစီယိုအိုဆီဂွဲရားဟာ သူ့ချစ်သူတွေထဲက တယောက်ဆီ သွားရောက်ချိန်းတွေ့ပျော်ပါးစဉ်မှာ နှိမ်နင်းသတ်ဖြတ်ခံခဲ့ရတယ်လို့ မက္ကဆီကို အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

Jalisco New Generation Cartel (CJNG) မူးယစ်ဂိုဏ်းခေါင်းဆောင် အယ်လ်မန်ချိုကို ဖမ်းဆီးနိုင်ဖို့ အမေရိကန်က ဒေါ်လာ ၁၅ သန်း ဆုကြေးထုတ်ထားပြီး၊ အခုတည်နေရာကိုလည်း အမေရိကန်ထောက်လှမ်းရေးက ကူညီဖော်ထုတ်ပေးခဲ့တာပါ။

ဖေဖော်ဝါရီ ၂၂ ရက်က ဂျာလစ်စကိုပြည်နယ် စစ်ဆင်ရေးပစ်ခတ်မှုမှာ အယ်လ်မန်ချိုဟာ အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ရဟတ်ယာဉ်နဲ့ ပို့ဆောင်နေစဉ် သေဆုံးသွားပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် အယ်လ်မန်ချိုရဲ့ သက်တော်စောင့် ၆ ယောက် သေဆုံးခဲ့သလို၊ စစ်တပ်ဖွဲ့ဝင် ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

သူ သေဆုံးသွားတဲ့အတွက် ပြည်နယ် ၂၀ လောက်မှာ မူးယစ်ဂိုဏ်းဝင်တွေက ကားတွေကို မီးရှို့တာ၊ လမ်းပိတ်ဆို့တာနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖျက်ဆီးတာ စတဲ့ လက်တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီအကြမ်းဖက်မှုတွေမှာ အမျိုးသားအစောင့် ရဲတပ်ဖွဲ့ဝင် ၂၅ ယောက်၊ အကျဉ်းထောင်လုံခြုံရေး တယောက်၊ ပြည်နယ်ရှေ့နေရုံး ဝန်ထမ်း တယောက်နဲ့ ဂိုဏ်းဝင် အယောက် ၃၀ အထိ သေဆုံးခဲ့ပါတယ်။

လက်ရှိမှာတော့ လုံခြုံရေးအခြေအနေကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံတဝန်းမှာ စစ်တပ်အင်အား ၉,၅၀၀ လောက်ကို အစိုးရက တပ်ဖြန့်ချထားပါတယ်။

မက္ကဆီကို သမ္မတကလော်ဒီယာ ရှိန်းဘောင်းကတော့ “ဒီစစ်ဆင်ရေးမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ခြင်း မရှိဘဲ သတင်းအချက်အလက် ဖလှယ်တာသာ ဖြစ်ပါတယ်” လို့ ရှင်းလင်းပြောပါတယ်။

မက္ကဆီကိုစစ်သားတွေက ထိပ်တန်းမူးယစ်ဂိုဏ်းခေါင်းဆောင် တယောက်ကို သတ်ဖြတ်ပြီးတဲ့နောက် မက္ကဆီကိုနိုင်ငံထဲက ပြည်နယ်အတော်များများမှာ နေတဲ့ အမေရိကန် နိုင်ငံသားတွေကို အိမ်ထဲမှာပဲ ခိုလှုံနေကြဖို့နဲ့ လှုပ်ရှားမှုတွေကို လျှော့ချဖို့ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ မက္ကဆီကိုနိုင်ငံက အမေရိကန်သံရုံးက ဖေဖော်ဝါရီ ၂၂ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံရဲ့ နေရာအတော်များများမှာ ဆက်ဖြစ်နေတဲ့ ကျယ်ပြန့်တဲ့ လုံခြုံရေး စစ်ဆင်ရေးတွေနဲ့  ဆက်စပ်နေတဲ့ လမ်းပိတ်ဆို့မှုတွေ၊ ရာဇဝတ်မှု လုပ်ဆောင်မှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေ နောက်ထပ် အကြောင်းကြားစာ မထုတ်ပြန်မချင်း အိမ်ထဲမှာ ခိုလှုံသင့်တယ်လို့ ဌာနရဲ့ ကောင်စစ်ရေးရာ ဌာနက လူမှုမီဒီယာ ပလက်ဖောင်း X မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကနေဒါနိုင်ငံကလည်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး မက္ကဆီကိုနိုင်ငံထဲက ကနေဒါနိုင်ငံသားတွေ “လျှို့ဝှက်နေထိုင်ကြဖို့နဲ့ ဒေသန္တရအာဏာပိုင်တွေရဲ့ အကြံဉာဏ်ကို လိုက်နာဖို့ အကြံပြုထားတယ်”လို့ ပြောပါတယ်။

လောလောဆယ် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်တာတွေ ပေါက်ကွဲမှုတွေကို ကိုးကားပြီး  မီချွာကန်၊ ဂွါရဲရိုနဲ့ ဂျာလစ်စကို ပြည်နယ်တွေက နိုင်ငံသားတွေကို အိမ်ထဲမှာ ခိုလှုံနေဖို့ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်နဲ့ ကနေဒါလေကြောင်းလိုင်းတွေ အများအပြားဟာလည်း ပွါတိုဗယ်လာတာ၊ ဂွါဒါလာ ဂျာလာနဲ့ မန်ဇာနီလ်လို တို့ဆီသွားတဲ့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းတယ်လို့ ကြေညာခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံသားတွေကိုလည်း သူ့အစိုးရက မက္ကဆီကိုနိုင်ငံရဲ့ အစိတ်အပိုင်း အများအပြားဆီ ခရီးသွားတာကို ပြန်စဉ်းစားဖို့ အကြံပေးထားပါတယ်။

“ဂွါဒါလာဂျာရာနဲ့ ပွာတိုဗလာတာ အပါအဝင် ဂျာလစ်စကို ပြည်နယ်တဝန်းမှာ ပြင်းထန်တဲ့ လုံခြုံရေး ကျိုးပေါက်မှုတွေ ဖြစ်ခဲ့တာကို သတင်းပို့ထားတယ်”လို့ ဩစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနရဲ့ Smartraveller ဝက်ဘ်ဆိုက်က တနင်္လာနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

လေကြောင်းခရီးစဉ်အပါအဝင် သယ်ယူပို့ဆောင်ရေး အနှောင့်အယှက်တွေရှိနိုင်လို့ သတိရှိရှိ နေထိုင်ပြီး ဒေသန္တရအာဏာပိုင်တွေရဲ့ အကြံဉာဏ်ကို လိုက်နာဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အယ်လ်မန်ချိုလို့ လူသိများတဲ့ နီမီစီယို အိုဆီဂွါရာဟာ အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ ခြိမ်းခြောက်မှုတွေ နောက်ပိုင်းမှာ မူးယစ်ဂိုဏ်းတွေအပေါ်  ဖိအားတွေ တိုးနေချိန် စစ်ရေးစီးနင်းမှုတခု အတွင်း သေဆုံးခဲ့တယ်လို့ မက္ကဆီကိုအရာရှိတွေက ပြောပါတယ်။

စစ်ဆင်ရေးအပြီးမှာ နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အနောက်ပိုင်း အပါအဝင် နိုင်ငံတဝန်းမှာ အကြမ်းဖက်မှုလှိုင်း စတင်ခဲ့ပြီး ကားတွေ မီးရှို့ခံထားရသလို သေနတ်သမားတွေက ပြည်နယ် ၆ ခု ကျော်က အဝေးပြေး လမ်းမကြီးတွေကို ပိတ်ဆို့ထားခဲ့ပါတယ်။

မက္ကဆီကိုရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဂွါဒါလာဂျရာမြို့နဲ့ ဂျာလစ္စကိုတို့မှာ ယာဉ်တွေ မီးလောင်နေပြီး မီးခိုးတွေ အူထွက်နေတာကိ ဖေဖော်ဝါရီ ၂၂ ရက်က ရိုက်ကူးထားတဲ့ ဒရုန်းဗီဒီယိုမှာ တွေ့ရပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013