DVB Logo
Home
မြန်မာသတင်း
အဓမ္မငွေကောက်ခံနေသည့် ပျူခေါင်းဆောင်ကို အရေးယူပေးရန် ကလေးဒေသခံများ တောင်းဆို
DVB
·
February 23, 2026
အဓမ္မငွေကောက်ခံနေသည့် ပျူခေါင်းဆောင်ကို အရေးယူပေးရန် ကလေးဒေသခံများ တောင်းဆို
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း၊ ကံကြီးရွာမှာ အုပ်ချုပ်ရေးမှူးဟောင်း ပျူခေါင်းဆောင်က ဒေသခံတွေကို ရွာပြန်ဝင်ခွင့်နဲ့ လယ်ယာမြေတွေအပေါ်မှာ ငွေကြေး အဆမတန် တောင်းနေတဲ့အတွက် အရေးယူပေးဖို့ ရွာခံတွေက တောင်းဆိုနေကြပါတယ်။

ကလေးမြို့မြောက်ပိုင်းရှိ အိမ်ခြေ ၆၀၀ ခန့်ရှိတဲ့ ကံကြီးရွာမှာ အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သလို လက်ရှိရွာရဲ့ ပျူခေါင်းဆောင် ကျော်စွာဝင်းက ရွာခံတွေ ရွာပြန်ဝင်ဖို့အတွက် အိမ်တအိမ်ကို သိန်းရာနဲ့ချီ တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျူစောထီးခေါင်းဆောင် ကျော်စွာဝင်းဟာ ဒေသခံတွေရဲ့ လယ်ယာမြေတွေနဲ့ ကောက်ပဲသီးနှံတွေကို သိမ်းယူကာ ရောင်းချဝယ်ယူခွင့်တွေကို လက်ဝါးကြီးအုပ်ထားတာဖြစ်ပြီး ဒါကို ဘယ်အဖွဲ့အစည်းကမဆို အရေးယူ ဆောင်ရွက်ပေးဖို့ ဒေသခံတွေက လိုလားနေကြတာပါ။

ကံကြီးရွာကို စစ်တပ်၊ ပျူစောထီးအဖွဲ့အပြင် ကသည်းသူပုန် ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့နှစ်ကုန်ခါနီးမှာ ရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သူကို ရွာမှာ ပျူတပ်အနေနဲ့ ထားခဲ့တာပါ။

အဲဒီနောက် ရွာထဲ ပြန်လာချင်တဲ့သူတွေဆီကနေ ပျူခေါင်းဆောင် ကျော်စွာဝင်းက တအိမ်ကို သိန်းရာနဲ့ချီ တောင်းနေတာဖြစ်ပြီး လက်ရှိ ငွေမပေးနိုင်လို့ အိမ်ထောင်စုပေါင်း ၂၀၀ ကျော်ဟာ တောထဲမှာ ပုန်းနေရတယ်လို့ ရွာထဲ ပြန်လို့မရတဲ့ အမည်မဖော်လိုတဲ့ ရွာသားတယောက်က ပြောပါတယ်။

“အခု ရွာထဲကို ဝင်လို့ရတဲ့သူတွေ ငွေပေးရတဲ့သူတွေက တော်လှန်ရေးကို ထောက်ပံ့တဲ့သူတွေပေါ့ဗျာ။ အဲဒီလိုလူတွေရဲ့အိမ်က သိန်း ၅၀၀ တန်တယ်ဆိုရင် သိန်း ၂၀၀ လောက် တောင်းတယ် သူက၊ ဝင်ချင်တယ်ဆိုရင်၊ မင်းအိမ်မဝင်ရင် မီးရှို့ပစ်လိုက်မှာဆိုပြီး၊ အဲဒါ အမျိုးတွေနဲ့ တိုင်ပင်ပြီးတော့ သူ့ကို ဈေးဆစ်ပြီးတော့ သိန်း ၁၂၀ ပေးပြီး ဝင်ရတဲ့ တောင်သူတွေလည်း ရှိတယ်။”

လက်ရှိ ရွာထဲမှာ ပျူအင်အား ၈၀ လောက်နဲ့ အထိုင်ချ တပ်စွဲထားတာဖြစ်ပြီး စစ်ပွဲကြောင့် ရှောင်နေရတဲ့ ရွာခံတွေဟာ ရွာထဲပြန်ဝင်ဖို့ ပိုက်ဆံပေးနေရတဲ့အပြင် လယ်ယာတွေမှာ စိုက်ထားတဲ့ ကောက်ပဲသီးနှံတွေကိုပါ ပျူစောထီးတွေက ဝင်သိမ်းပြီး ရောင်းဝယ်ခွင့်တွေကိုပါ ကန့်သတ်ထားတယ်လို့ ရွာခံတွေက ဆက်ရှင်းပြပါတယ်။

လက်ရှိ လယ်ဧက ၈၀၀ နီးပါးကို ပျူတွေသိမ်းထားပြီး အဲ့လယ်တွေက ထွက်တဲ့ ကောက်ပဲသီးနှံတွေကိုလည်း သူတို့နဲ့နီးစပ်တဲ့ ပွဲစားတွေဆီမှာ ဈေးနှိမ်ပြီး မဖြစ်မနေ ရောင်းရတယ်လို့ ယာပိုင်ရှင်တယောက်က ပြောပါတယ်။

“အခု ကျမတို့ တိမ်းရှောင်နေတဲ့ အချိန်မှာ ကျမတို့ကျန်ခဲ့တဲ့ ကောက်ပဲသီးနှံတွေကို သူတို့အဖွဲ့အစည်းကပဲ လိုက်သိမ်းယူသွားတယ်ရှင့်။ ကျမတို့ ရွာထဲဝင်ခွင့်မရမချင်းက ကျမတို့လယ်တွေထဲကို သူတို့က ဆက်ပြီး လုပ်နေမှာပဲ။ ရွာထဲမှာ ကိုယ့်ဘာသာကိုယ် သိမ်းလို့ရတဲ့သူတွေကျတော့လည်း အရင်တုန်းကဆိုရင်တော့ မြို့ပေါ်ကို တင်ပို့ရောင်းရတာပေါ့။ အခုကျတော့ အဲဒီလိုမျိုး ရောင်းချခွင့်မရှိဘဲနဲ့ သူနဲ့အဆင်ပြေတဲ့ ပွဲစားဆီမှာပဲ ရောင်းချခိုင်းတယ်။ ပြီးတော့ ဈေးကိုလည်း ပုံမှန်ဈေးထက် တသောင်းခွဲလောက် ခွာပြီးမှ ဝယ်တယ်။ ပွဲစားနဲ့ သူက လက်ဝါးချင်းရိုက်ထားတာ။ တခြား ဘေးကလူတွေ ဝယ်ချင်ရင်တောင် ပွဲစားကလည်း ဝယ်ခွင့်မပေးဘူး။ သူနဲ့အဆင်ပြေတဲ့ ပွဲစားနှစ်ဦးကိုပဲ ရွာကထွက်တဲ့ ကောက်ပဲသီးနှံ၊ ဆန်စပါး အကုန်လုံး အဲဒီပွဲစားနှစ်ယောက်ဆီကိုပဲ ရောင်းရတာရှင့်။”

ဒါ့အပြင် ရွာထဲပြန်ဝင်နေတဲ့သူတွေကိုလည်း ကံကြီးရွာကနေ ကလေးမြို့ပေါ် အသွားအလာနဲ့ ကုန်စည်ဝယ်ယူရောင်းချခွင့်တွေကို ပျူတပ်ရဲ့ ထောက်ခံချက်ပါမှ သွားလာခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ကလေးမြို့ကို လမ်းကြောက အခုက ဖွင့်လိုက်ပြီလေ။ ဖွင့်လိုက်တော့ သူ့ရဲ့ အစ်ကိုကားနဲ့ အမျိုးရဲ့ကားနဲ့ပဲ သွားရတယ်၊ မြို့ထဲနဲ့ ရွာကိုကူးတာ။ ပြီးတော့ အပြင်ကို ဆိုင်ကယ်နဲ့ဖြစ်စေ၊ ကားနဲ့ဖြစ်စေ သွားမယ်ဆိုရင် သူ့ဆီမှာ ထောက်ခံစာကို လူတယောက်ကို တသောင်းကျပ်နှုန်းနဲ့ တောင်းတယ်” လို့ ပြောပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် ကံကြီးရွာခံအများစုဟာ တိုင်ကြားဖို့အတွက် အခက်အခဲတွေ ရှိနေပြီး ရွာထဲပြန်ဝင်ဖို့ ငွေကြေးမတတ်နိုင်တဲ့ အိမ်ထောင်စုပေါင်း ၂၀၀ ကျော်အတွက်လည်း အကူအညီတွေ လိုအပ်နေပါတယ်။

ကလေးမြို့နားတဝိုက်က ကျေးရွာတွေဟာ အိန္ဒိယနယ်စပ်နဲ့ နီးနေတဲ့အတွက် စစ်တပ်နဲ့ ပျူရန်အပြင် အိန္ဒိယကနေ ခွဲထွက်ပြီး မြန်မာနိုင်ငံအတွင်းမှာ လှုပ်ရှားနေတဲ့ ကသည်းသူပုန်ရန်တွေပါ ခံစားနေကြရတာပါ။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကသည်းသူပုန်တွေက စစ်တပ်နဲ့ပူးပေါင်းပြီး ကလေး-တမူး နယ်စပ်တဝိုက်မှာ စစ်ရေးလှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013