DVB Logo
Home
မြန်မာသတင်း
ဗိုလ်နဂါး လက်နက်ချ ထွက်ပြေးသွားပြီးနောက် ပုလဲနယ်ကို စစ်ကောင်စီတပ်က ဘယ်လိုကိုင်တွယ်ဖို့ ကြိုးစားနေလဲ 
DVB
·
February 23, 2026
ဗိုလ်နဂါး လက်နက်ချ ထွက်ပြေးသွားပြီးနောက် ပုလဲနယ်ကို စစ်ကောင်စီတပ်က ဘယ်လိုကိုင်တွယ်ဖို့ ကြိုးစားနေလဲ 
Donate to DVB

စစ်ကောင်စီတပ်က ပုလဲနယ်ထဲကို လေယာဉ်နဲ့ တပ်သားတွေ ဆက်တိုက်အင်အားဖြည့်နေပေမဲ့ ဒေသခံ ပြည်သူတွေကို မတိုက်ခိုက်ဘဲ စည်းရုံးရေးလုပ်ငန်းတွေ ပြုလုပ်နေပါတယ်။ 

ဖေဖော်ဝါရီ ၁၈ ရက်မှာ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဦးဆောင်သူ ဗိုလ်နဂါး စစ်ကောင်စီထံ လက်နက်ချဘက်ပြောင်းသွားပြီးနောက် ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာပါ။

စစ်ကောင်စီဘက်က လေယာဉ်နဲ့ အင်အားဖြည့်တင်းနေသလို ဒေသကာကွယ်ရေးအဖွဲ့တွေကလည်း ဗိုလ်နဂါးရဲ့ လက်ကျန်တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းဖို့ ကြိုးစားနေရတာ ဖြစ်ပါတယ်။

လက်နက်မကိုင်ပေမဲ့ ဗိုလ်နဂါးကို ထောက်ခံသူတချို့ ဒေသတွင်းမှာ ကျန်နေတာဖြစ်တဲ့အတွက် စစ်ကောင်စီက စည်းရုံးရေးလုပ်ငန်းတွေ လုပ်ဆောင်ပြီး ဒေသခံအချင်းချင်းကြား သွေးခွဲတဲ့လုပ်ရပ်တချို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီက တပ်သား၊ လက်နက်၊ ရိက္ခာဖြည့်တင်းနေပေမဲ့ အရင်လို စစ်ကြောင်းထိုး တိုက်ခိုက်တာမလုပ်ဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

ပုလဲဒေသခံတယောက်က “ဒီစစ်ကြောင်းက တမျိုး၊ PDF တွေက နဂါးရဲ့ တပည့်တပန်းတွေ အကုန်လုံး နဂါးနဲ့ဆက်နွှယ်တဲ့လူတွေကိုလည်း လိုက်ဖမ်းတာမျိုးတွေ ရှိတယ်၊ ပြည်သူတွေက ကြောက်နေရတယ်၊ လေယာဉ်တွေနဲ့ လာချပြီးတော့မှ အခု စစ်ကြောင်းထိုးနေတဲ့ ရွာတွေမှာတော့ ဘာမှ မလှုပ်ရှားသေးဘူး၊ ပြည်သူလူထုဒေသခံတွေ မိထားတဲ့ဥစ္စာကိုလည်း သူတို့က ကိုယ့်အလုပ်ကိုယ်ပဲ လုပ်၊ ငါတို့က ငါတို့အကြောင်းနဲ့ငါတို့ လာတာဆိုတဲ့ ပုံစံမျိုးပဲ ပြောတာတွေ တွေ့နေရတယ်၊ သေတ္တရာကျေးရွာမှာက တဖွဲ့၊ ကြောင်သန်းရွာမှာက တဖွဲ့၊ ၂ ဖွဲ့ပေါင်းကို ၂၀၀ ကျော် ၂၅၀ လောက်ရှိမှာ၊ သူတို့ ခွဲနေတာလေ၊ ပြည်သူလူထုကို စည်းရုံးတာမျိုးပြောလို့လည်း ရတယ်၊ သူတို့ကတော့ စားပွဲတွေပေါ်မှာ ဘာမှမလုပ်ပါဆိုတဲ့ မြေဖြူနဲ့ရေးထားခဲ့တဲ့ဟာမျိုးတွေ တွေ့ရတယ်၊ ပထမ နဂါးတို့ကို လာကြိုပါတယ် ဆိုကတည်းကလေ၊ အင်အား ၅၀ နဲ့ စစ်ကြောင်းတုန်းကတော့ အဲဒါမျိုးတွေ လုပ်တာတွေရှိတယ်၊ ပြည်သူလူထုကို တမျိုးတမည်နဲ့ သူတို့ လက်အောက်ကို သိမ်းသွင်းတဲ့ပုံစံမျိုး အဲဒီလိုမျိုးပဲ ကျုပ်တို့က မြင်တယ်၊ တချို့ကလည်း မပြေးတော့ဘူး မရှောင်တော့ဘူး ဆိုတဲ့ ပုံစံမျိုးတွေ ပြောနေကြတာတွေ ရှိတယ်။”

ဗိုလ်နဂါး ထွက်ပြေးပြီးနောက် BNRA တပ်ဖွဲ့ဝင် ၁၅၀ နီးပါး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဆီမှာ လက်နက်ချခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ BNRA  နိုင်ငံရေးမှူး ကိုမောင်၊ တပ်ရင်းမှူးတွေဖြစ်တဲ့ ဒေါင်းညိုနဲ့ သုဘရာဇာတို့ ပါဝင်ပါတယ်။

အလားတူပဲ စစ်ကောင်စီဘက်ကို ပြောင်းသွားတဲ့ BNRA တပ်ဖွဲ့ဝင်တွေလည်း ရှိခဲ့ပြီး BNRA ဒုဥက္ကဋ္ဌ ကိုဖြိုးနဲ့ စစ်ရေးတာဝန်ခံ ကိုလတ် တို့ပါဝင်ပါတယ်။ 

ဗိုလ်နဂါး ထွက်ပြေးသွားပေမဲ့ စစ်ရေးမတည်ငြိမ်သေးတဲ့အတွက် ဒေသတွင်း သတင်းအချက်အလက် အသေးစိတ်ကို ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်မှ ပြောခွင့်ရှိမယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။ 

ဒေသကာကွယ်ရေးခေါင်းဆောင်တယောက်က “ခရိုင်ကွပ်ကလည်း စစ်ဆင်ရေးကိစ္စတွေ မပြီးပြတ်သေးလို့ ဘာမှ ပြောတာတွေ မလုပ်ကြပါနဲ့ဦး ဆိုပြီးတော့ ပြောနေလို့ အဲဒါကြောင့်၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်မထုတ်ပြန်သေးတာတို့က နောက်ထပ် ကျန်တာတွေ ရှိသေးလို့” လို့ ပြောပါတယ်။

စစ်အာဏာရှင်အဆက်ဆက်က တိုင်းရင်းသားတွေကို နည်းမျိုးစုံသုံးပြီး သွေးခွဲတာ၊ လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်တာ၊ ဒေသအလိုက် အစုအဖွဲ့တွေအကြား ညီညွတ်မှုမရှိအောင် ဆောင်ရွက်ခြင်းအားဖြင့် သူတို့အာဏာကို ထိန်းခဲ့တာဖြစ်တယ်လို့ ဒေသတွင်း နိုင်ငံရေးသမားတယောက်က မှတ်ချက်ပေးပါတယ်။

အခု ပုလဲနယ်ကိုလည်း အလားတူ ပုံသွင်းနေတာ ဖြစ်ပေမဲ့ လူမှုအစုအဖွဲ့တွင်းမှာ စေ့စပ်လို့မရလောက်အောင်အထိတော့ မဖြစ်သေးဘူးလို့ ဆိုပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “သူ့ရဲ့ဇာတိကျေးရွာက ပုလဲမြို့နယ်နဲ့လည်း အရမ်းကြီးဝေးလှတာမဟုတ်တော့ အကြမ်းဖက်စစ်တပ်က သူ့ရဲ့ဇာတိကျေးရွာကို ရောက်လာပြီးတော့ ပျူရွာအသွင်ပြောင်းလိုက်မလားပေါ့ဗျာ၊ ဒါ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေဘက်က တွက်ဆထားတာတွေပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ဒေသတွင်းမှာတော့ အားလုံးက လုံခြုံရေးအသိ၊ သတိနဲ့ ပြင်ဆင်ထားကြတယ်တော့ ကျနော်တို့ ကြားသိရပါတယ်၊ အကြမ်းဖက်စစ်တပ်ကလည်း လတ်တလောမှာ ပုလဲမြို့နယ်မှာ နေ့စဉ်ပဲ လူသူ၊ လက်နက်၊ ရိက္ခာ လေယာဉ်နဲ့လာပြီးတော့ ဖြည့်တင်းနေတာတွေလည်းရှိတဲ့အခါကျတော့ ပြည်သူတွေအနေနဲ့ကလည်း တကျော့ပြန်စစ်ရှောင်ရဦးမလား၊ ဘာတွေ ဆက်ဖြစ်လာဦးမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ နေရပါတယ်” လို့ ပြောပါတယ်။

ဗိုလ်နဂါးရဲ့ ဘက်ပြောင်းတဲ့လုပ်ရပ်ကြောင့် စစ်ကိုင်းဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေရဲ့ လုံခြုံရေးအချက်အလက် ကျိုးပေါက်မှု၊ ပြည်သူအချင်းချင်းကြား သတင်းအမှားနဲ့ ကောလာဟလတွေကြောင့် သွေးကွဲနိုင်မှု၊ စစ်ကောင်စီရဲ့ အချိန်မရွေး တိုက်ခိုက်လာနိုင်ခြေ၊ ဗိုလ်နဂါးကို ပြည်သူ့စစ်အသွင်ပြောင်းပြီး ဒေသတွင်းကို ပြန်စေလွှတ်တာမျိုး စတဲ့ခန့်မှန်းခြေတွေ ထွက်ပေါ်ခဲ့ပြီး ပြည်သူတွေနဲ့ တော်လှန်ရေးအစုအဖွဲ့တွေအပေါ် သက်ရောက်မှုကြီးမားခဲ့ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013