DVB Logo
Home
မြန်မာသတင်း
ဗိုလ်နဂါး၏ BNRA တပ်ဖွဲ့ဝင်များကို သုံ့ပန်းကျင့်ဝတ်နှင့်အညီ ထိန်းသိမ်းစစ်ဆေးနေ  
DVB
·
February 21, 2026
ဗိုလ်နဂါး၏ BNRA တပ်ဖွဲ့ဝင်များကို သုံ့ပန်းကျင့်ဝတ်နှင့်အညီ ထိန်းသိမ်းစစ်ဆေးနေ  
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF က ထိန်းသိမ်းထားတဲ့ ဗိုလ်နဂါးရဲ့ ဗမာ့အမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ဝင်တွေကို သုံ့ပန်းကျင့်ဝတ်နဲ့အညီ ထိန်းသိမ်း စစ်ဆေးနေတယ်လို့ ယင်းမာပင်ခရိုင်စစ်ဆင်ရေးမှူးက ပြောပါတယ်။

ဗိုလ်နဂါးထွက်ပြေးပြီးနောက် BNRA တပ်ဖွဲ့ဝင် ၁၅၀ နီးပါး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဆီမှာ လက်နက်ချခဲ့ကြတယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံ BNRA တပ်ရင်းမှူးတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ရှင်းလင်းလိုက်ပြီလို့ သတင်းတွေ လူမှုကွန်ရက်မှာ ဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။ 

ဒီသတင်းတွေနဲ့ပတ်သက်ပြီး BNRA တပ်ရင်းမှူးတွေဖြစ်တဲ့ ဒေါင်းညိုနဲ့ သုဘရာဇာတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင်က ဖေဖော်ဝါရီ ၂၀ ရက်မှာ လူမှုကွန်ရက်ကနေ ဗီဒီယိုသက်သေကို ထုတ်ပြန်ထားပြီး BNRA နိုင်ငံရေးမှူး ကိုမောင်၊ ဒေါင်းညိုနဲ့ သုဘရာဇာတို့ကို စစ်ဆေးမေးမြန်းနေတယ်လို့လည်း သိရပါတယ်။

ယင်းမာပင်ခရိုင်စစ်ဆင်ရေးမှူး ကိုညာကြီး က “ရင်း ၂၈ က ကျနော်တို့ရဲ့ ကွပ်ကဲရေးမှူးပေါ့နော်၊ လက်ရှိ ခရိုင်ကွပ်ကဲရေးမှူးကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကနေ တရားဝင်ပဲတင်ပြီးတော့မှ ဒီလိုမျိုးတွေ ကျနော်တို့ မလုပ်တဲ့အကြောင်းကို တင်ထားတာတွေလည်းရှိပါတယ်။ စကစ တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့ အချိန်တွေတုန်းကတောင်မှ​ ကျနော်တို့က စစ်မြေပြင်မှာရှိတဲ့ သုံ့ပန်းတွေကို သုံ့ပန်းရဲ့ ဥပဒေအတိုင်းစီ မံဆောင်ရွက်တာပေါ့နော်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော် ဘာမှ သဘောထားမှတ်ချက်မပေးလိုပါဘူး။ မပေးလိုဘူးဆိုတာက ကျနော်က ဒါတွေ နဲ့ ပတ်သက်လို့လည်း ပြီးပြည့်စုံတဲ့ သဘောထားမှတ်ချက်မျိုးကို ပေးလို့ရတဲ့ အနေအထားမျိုးလည်း မရှိပါဘူးခင်ဗျ” လို့ ပြောပါတယ်။ 

BNRA ဂိတ်စခန်းတွေကို PDF တွေက ဝင်ရောက်စီးနင်းပြီး နောက်တရက် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဗိုလ်နဂါး နဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ကယ်ထုတ်ပြီး ညတွင်းချင်းမှာပဲ သတင်းထုတ်ပြန်ခဲ့တာပါ။ 

ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာတော့ BNRA ဒုဥက္ကဋ္ဌ ကိုဖြိုးနဲ့ စစ်ရေးတာဝန်ခံ ကိုလတ်တို့အပါအဝင် ၅ ယောက် ထပ်မံဘက်ပြောင်းလာခဲ့ကြောင်း စစ်ကောင်စီက ထပ်မံကြေညာပါတယ်။

စစ်ကောင်စီဘက်က အများပြည်သူ စိုးရိမ်စိတ်ဖြစ်အောင် သတင်းထုတ်ပြန်နေပေမဲ့ မြေပြင်တော်လှန်ရေးအင်အားစုတွေက အခြေအနေကို ထိန်းထားနိုင်တယ်လို့ မြေပြင်နိုင်ငံရေးသမားတယောက်က ပြောပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေ က “လတ်တလောမှာ နာမည်ထွက်နေတဲ့ သူ့လက်ရုံးတွေ တော်တော်များများကတော့ NUG ဘက်က ထိန်းသိမ်းထားတာရှိတယ်၊ ဒေသတွင်း ကျနော်တို့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ပြောကြားချက်တွေအရ ဆိုရင်တော့ လွတ်ထွက်နေတာ သိပ်မရှိဘူး။ အဓိကကတော့ ခေါင်းဆောင်ပိုင်းတော်တော်များများကလည်း NUG နဲ့ ပူးပေါင်းထားတယ်။ ပြီးတော့ ဒေသတွင်းမှာလည်း NUG က အဲဒါနဲ့ပတ်သက်ပြီးတော့ တပ်လှန့်ထားတယ်။ ဘာကြောင့်ဖြစ်သွားရတယ်ဆိုတာထက် ဘာဖြစ်လာနိုင်သလဲဆိုတာကို ကျနော်တို့က ပိုပြီးရှေးရှုတယ်။ သူ နဲ့ ပတ်သက်ခဲ့ဖူးတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးကတော့ ကျိုးပေါက်သွားပြီ။ နောက် အထိုင်တည်နေရာတွေပေါ့၊ ဒါတွေကတော့ အရေးပေါ်ပြောင်းလဲရေးလုပ်ဖို့ သင့်ပြီလို့ မြင်တယ်ပေါ့ဗျာ။ ကျနော်တို့ဒေသတွင်းမှာ ပြည်သူတွေအနေ နဲ့ ထင်ကြေးပေးနေကြတာတွေရှိတယ်၊ ဘာတွေလဲဆိုတော့ BNRA အနေ နဲ့ ပိုင်ဆိုင်ထားတဲ့ လက်နက်ခဲယမ်းတွေက အမြောက်အမြားရှိနေတယ်။ သေနတ် ၄၊ ၅၊ ၆ လက်နဲ့ပဲ ရန်သူ့ဆီကို ရောက်သွားတယ်ဆိုတာ တွေ့ရတယ်ပေါ့။ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးပြီးတော့ သူပိုင်ဆိုင်တဲ့ လက်နက်တွေကို ပြန်လာပြီး ယူတာမျိုးရော လုပ်မလားပေါ့ဗျာ” လို့ ပြောပါတယ်။

ဗိုလ်နဂါးရဲ့ ဘက်ပြောင်းတဲ့လုပ်ရပ်ကြောင့် စစ်ကိုင်းဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေရဲ့ လုံခြုံရေးအချက်အလက် ကျိုးပေါက်မှု၊ ပြည်သူအချင်းချင်းကြား သတင်းအမှားနဲ့ ကောလာဟလတွေကြောင့် သွေးကွဲနိုင်မှု၊ စစ်ကောင်စီရဲ့ အချိန်မရွေး တိုက်ခိုက်လာနိုင်ခြေ၊ ဗိုလ်နဂါးကို ပြည်သူ့စစ်အသွင်ပြောင်းပြီး ဒေသတွင်းကို ပြန်စေလွှတ်တာမျိုး စတဲ့ခန့်မှန်းခြေတွေ ထွက်ပေါ်ခဲ့ပြီး ပြည်သူတွေနဲ့ တော်လှန်ရေးအစုအဖွဲ့တွေအပေါ် သက်ရောက်မှုကြီးမားခဲ့တာပါ။

ယင်းမာပင်ခရိုင်စစ်ဆင်ရေးမှူး ကိုညာကြီး က “ဒီ BNRA နဲ့ပတ်သက်လို့ကတော့ ကျနော်တို့ဆီက ဘာမှသတင်းပြန်ကြားတဲ့ ကိစ္စတွေရောပေါ့နော်၊ ကျနော်တို့မလုပ်သေးပါဘူး။ နယ်မြေမှာ လုပ်ငန်းကိစ္စတွေ မပြီးပြတ်သေးတဲ့အတွက်ပေါ့နော်။ ဒီကိစ္စဖြစ်စဉ်တွေအပေါ်မှာ ခေါင်းစဉ်အောက်ကနေ ကျနော် မပြောချင်ဘူးပေါ့နော်။ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကျနော်ပြောချင်တာကတော့ ပြည်သူကို ကာကွယ်ရင်းနဲ့ စစ်ကောင်စီကို တစိုက်မတ်မတ် တိုက်ထုတ်သွားပါမယ်လို့ပဲ ကျနော်ပြောချင်ပါတယ်” လို့ ပြောပါတယ်။

BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်တချို့ဟာ လူသတ်မှု၊ မုဒိမ်းမှု၊ ကိုယ်ထိလက်ရောက်နှိပ်စက်မှု၊ PDF ရဲဘော်တွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှု အပါအဝင် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ NUG ပြည်ထဲရေးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြေပြင်မှာ ပြည်သူတွေအကြား ယုံကြည်မှုကို ပိုတည်ဆောက်နိုင်ဖို့ NUG လက်အောက်ခံ လက်နက်ကိုင်အစုအဖွဲ့တွေကြားက ပြဿနာတွေကိုလည်း အကျေအလည်ဖြေရှင်းပေးဖို့ လိုအပ်နေတာပါ။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေ “ကျနော်တို့က ကျူးလွန်မှုတွေကို လက်မခံဘူး၊ ဒါပေမဲ့ နဂါးကျူးလွန်တာကိုတော့ လက်မခံဘူး။ ကျန်တဲ့လူ ကျူးလွန်တာကိုတော့ လက်ခံတယ်ဆိုတဲ့ Double Standard မျိုးကိုတော့ မသွားဘူး။ ဘယ်သူပဲ ကျူးလွန်ကျူးလွန် NUG အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်အရေးယူဖြေရှင်းတာမျိုး လုပ်စေချင်တယ်။ ဒါမျိုးလုပ်မှသာလျှင် NUG အပေါ်လည်း ယုံကြည်မှုတွေ တိုးမြင့်လာပြီးတော့ တော်လှန်ရေးတစုံလုံးအတွက်လည်း အကျိုးဖြစ်ထွန်းလာမှာဖြစ်တယ်။ အဲဒါလေးကိုတော့ ကျနော်တိုက်တွန်းလိုပါတယ်ဗျ” လို့ ပြောပါတယ်။

ဗိုလ်နဂါးဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးစတင်ကတည်းက ပါဝင်ခဲ့သူဖြစ်ပါတယ်။ 

အစောပိုင်းကာလတွေမှာ နာမည်ကောင်းရခဲ့ပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ ပံ့ပိုးမှုတွေကြောင့် အချိန်တိုအတွင်း အင်အားကောင်းတဲ့ အစုအဖွဲ့ကို တည်ဆောက်နိုင်ခဲ့သူဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်ကစပြီး NUG လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေနဲ့ အခြေအတင်ပြဿနာတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ဗိုလ်နဂါးဟာ စစ်ကောင်စီဘက်ကို ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013