
ဗင်နီဇွဲလားနိုင်ငံမှာ အာဏာရပါတီ ထိန်းချုပ်ထားတဲ့ အမျိုးသားလွှတ်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ဦးတည်တဲ့ ခြေလှမ်းတခုအဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေ တရပ်ကို ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က ဖေဖော်ဝါရီ ၁၉ ရက် ညမှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
ယာယီသမ္မတ ရိုဒရီဂွက်ဇ်ဟာ ပြည်ထဲရေးဝန်ကြီး ဒီယိုစ်ဒါးဒို့စ် ကာဘယ်လ်ယိုနဲ့ သူ့အစ်ကိုဖြစ်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟော်ရ်ဟဲ ရိုဒရီဂတ်စ် တို့နဲ့အတူ လက်မှတ်ရေးထိုးခဲ့တာပါ။
“ဒီဥပဒေဟာ ဗင်နီဇွဲလားနိုင်ငံသားတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့နဲ့ ပြန်လည်စည်းလုံးဖို့အတွက် ထူးခြားတဲ့တံခါးတချပ်ကို ဖွင့်လှစ်ပေးလိုက်တာပဲ ဖြစ်ပါတယ်” လို့ ယာယီသမ္မတက လက်မှတ်ရေးထိုးပွဲမှာ ပြောကြားခဲ့ပါတယ်။
ရိုဒရီဂွက်ဇ်ရဲ့ အစ်ကိုဖြစ်သူ ဟော်ရ်ဟဲ ရိုဒရီဂွက်ဇ် ဦးဆောင်တဲ့ ဥပဒေပြုလွှတ်တော်မှာ ဒုတိယအကြိမ် ဆွေးနွေးပြီးနောက်မှာမှ ဒီဥပဒေကို အတည်ပြုခဲ့တာပါ။
ဒီဥပဒေဟာ ၂၀၀၂ ခုနှစ် အာဏာသိမ်းဖို့ ကြိုးပမ်းမှုကနေ ၂၀၂၅ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့သူတွေကို လွတ်ငြိမ်းခွင့်ပေးမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၁၉ ခုနှစ် စစ်တပ်ပုန်ကန်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရသူတွေကိုတော့ ဒီဥပဒေအရ ခြွင်းချက်အနေနဲ့ ဖယ်ထားပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသတ်မှု၊ မူးယစ်ဆေးဝါး စတဲ့ ပြစ်မှုပေါင်းများစွာနဲ့ ပြစ်ဒဏ်ချထားသူတွေလည်း ဒီလွတ်ငြိမ်းခွင့်မှာ မပါဝင်ပါဘူး။
အရင်ကထွက်ခဲ့တဲ့ ဥပဒေမူကြမ်းထဲမှာ ပါထားခဲ့သလို ဖမ်းဆီးခံရသူတွေရဲ့ သိမ်းဆည်းခံထားရတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးအပ်ဖို့၊ နိုင်ငံရေးအကြောင်းပြုပြီး ပိတ်ပင်ထားတဲ့ အစိုးရရာထူး ပိတ်ပင်မှုတွေကို ရုပ်သိမ်း ဖြေလျှော့ပေးခြင်းနဲ့ သတင်းမီဒီယာတွေကိုလည်း ပိတ်ဆို့အရေးယူခံထားရမှုတွေကို ပြန်လည်ပယ်ဖျက်ပေးတာမျိုးတွေကို အခုနောက်ဆုံး ရိုဒရီဂွက်ဇ် အတည်ပြုလိုက်တဲ့ လွတ်ငြိမ်းခွင့်ဥပဒေထဲမှာ မပါဝင်ပါဘူး။
ဒီဥပဒေကို စောင့်ကြည့်ဖို့ အထူးကော်မရှင်တရပ်ကို ဖွဲ့စည်း ခန့်အပ်ထားပြီး လွတ်ငြိမ်းခွင့်မှာ မပါဝင်ထားတဲ့ အမှုတွေကို ပြန်လည်သုံးသပ်ခြင်း အပါအဝင် အမြန်ဆုံးနှုန်းနဲ့ ကုစားပေးဖို့လည်း တောင်းဆိုထားပါတယ်။
Source: Reuters










