
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ထဲကို ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်ခဲ့တဲ့ ခလရ ၁၃၄ တပ်ထဲကို ပြန်ဝင်လာပြီး ဖားဆောင်း သံလွင်မြစ်ကူး တံတားနားတဝိုက်အထိ စစ်ကြောင်းထိုးလာနေတဲ့အတွက် တိုက်ပွဲတွေ ဆက်ပြင်းထန်နေပါတယ်။
ဖားဆောင်းမြို့ထဲက နောက်ဆုံးလက်ကျန်တပ်ဖြစ်တဲ့ ခလရ ၁၃၅ ထဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းတွေ ဝင်ရောက်လာပြီးတဲ့နောက်မှာ ဖားဆောင်းမြို့နားတဝိုက် တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာပါ။
လက်ရှိ တော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းထားတဲ့ ဖားဆောင်း ခလရ ၁၃၄ ထဲကို စစ်ကောင်စီတပ်တွေ ပြန်ဝင်ရောက်ကာ အထိုင်ချဖို့ ပြင်ဆင်နေပြီး ဖားဆောင်း သံလွင်မြစ်ကူးတံတားအနားအထိ စစ်ကြောင်းထိုးလာနေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေတာလို့ DVB ရဲ့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
“စစ်ရေးကတော့ အဓိကတော့ လက်နက်ကြီးတွေ ပြည်သူနေတဲ့ နေရာတွေကို ပစ်ခတ်လာနိုင်တဲ့ အနေအထားမျိုးတွေ ရှိလာနိုင်တာပေါ့။ ကျနော်တို့ဘက်ကနေ ရပ်သွားမယ် ဆိုရင်တော့ သေချာတယ် တော်တော်များများမှာ သက်ရောက်မှု များလာမယ်။ တကယ်လို့ ဖားဆောင်းကို စစ်ကောင်စီ ပြန်ရသွားမယ် ဆိုရင်တော့ အဓိကတော့ မော်ချီးပေါ့နော်။ မော်ချီးကို ဖြတ်ရင်ဖြတ် မဖြတ်ရင် မယ်စဲ့ကို ဖြတ်ဖို့ များလိမ့်မယ်ပေါ့။ ဒါပေမဲ့ မော်ချီးဖြတ်ဖို့ ပိုများလိမ့်မယ်။ ဘာဖြစ်လို့လဲဆို မော်ချီးက ကရင်နီရဲ့ ထမင်းအိုးလို ဖြစ်နေတာကိုး။ လောလောဆယ် တိုက်ပွဲကတော့ ကျနော်သိသလောက်တော့ တော်တော်ပြင်းထန်နေတယ်။”
စစ်ကောင်စီဘက်က စစ်အင်အားတွေ ထပ်ဖြည့်ဖို့အတွက် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘော်လခဲ-ဖားဆောင်း မြို့တွေကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်မယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။
မြေပြင်အချက်အလက်တွေအရ တော်လှန်ရေးတပ်ပေါင်းစုဘက်က ပြည်ထောင်စုလမ်းမကြီးရဲ့ နေရာတော်တော်များများကို စိုးမိုးထားတဲ့အပြင် ကရင်နီပြည်တပ်မတော် (KA) ဘက်ကနေလည်း စစ်ရေးအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ သံလွင်မြစ်ကူးတံတားကို ဖောက်ခွဲ ဖျက်ဆီးလိုက်ပါတယ်။
ဒါကြောင့် လက်ရှိ ပြည်ထောင်စုလမ်းမကြီး ပွင့်ရင်တောင် တိုက်ပွဲတွေကြောင့် သွားလာလို့ မရတဲ့အပြင် တံတားကျိုးနေတဲ့အတွက် ကုန်စီးဆင်းမှုနဲ့ ခရီးသွားလာရေးအပိုင်းတွေမှာ ဒေသခံတွေ ဒုက္ခရောက်နေရတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရေလမ်းကြောင်းကနေ ကူးရအောင်ကလည်း ရေလမ်းကြောင်းက စက်လှေခက အရမ်းဈေးကြီးနေတယ်။ ဘယ်သူမှ မကူးနိုင်ဘူး။ ကားတစီးကို ၆ သိန်း၊ ပစ္စည်းနဲ့ လူဆို ၂ သိန်း၊ ၃ သိန်း၊ တခါကူး ၁၀ သိန်းနီးပါးပဲ။ စက်လှေသွားနေရင်းနဲ့လည်း စစ်(--)တွေက လိုက်ကြဲတာရှိသလို ပွိုင့်ဖိုက်နဲ့ လှမ်းပစ်တာလည်း ရှိသေးတယ်။ ပြီးခဲ့တဲ့အခေါက် တံတားမကျိုးခင်ကလည်း ပွိုင့်ဖိုက်နဲ့လှမ်းပစ်တာ ကျမအမျိုးထဲကပဲ လွတ်လာတာ။ သူတို့တွေက နည်းပညာပါ သုံးလာတာဆိုတော့ ဘယ်လိုကူးကူး ဘယ်လိုသွားသွား မလုံခြုံဘူး။ အဓိကက အဖွဲ့အစည်းများသလောက် မညီတာ၊ ညီခဲ့လို့ အဆင့်ဆင့် ဖြတ်တောက်နိုင်ခဲ့ရင် ဒီလို အလွယ်တကူ စစ်တပ်က ရောက်လာနိုင်စရာ အကြောင်းမရှိဘူး” လို့ ပြောပါတယ်။
လက်ရှိ ဖားဆောင်းတံတားနားအထိ ထိုးလာတဲ့ စစ်ကြောင်းဟာ ဖားဆောင်းမြို့ထဲက လက်နက်ကြီးပစ်ကူအပြင် အသေခံဒရုန်းတွေနဲ့ပါ သုံးပြီး အရပ်သားတွေရှိတဲ့ နေရာတွေကို တိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေဟာ ရေလမ်းကြောင်းကနေ ခရီးသွားရတာ မလုံခြုံတဲ့အပြင် စက်လှေဖိုး၊ ဆီဖိုး မြင့်တက်လာမှုတွေပါ ထပ်ကြုံနေကြရတာပါ။
စစ်ရေးနဲ့ တံတားကျိုးသွားတဲ့ အခြေအနေကြောင့် မယ်စဲ့-မော်ချီး-ဒီးမော့ဆို ကုန်စီးဆင်းမှုတွေ ရပ်တန့်နေပြီး ကုန်ဈေးနှုန်း မြင့်တက်လာတဲ့ဒဏ်ပါ ဆက်ခံရဖို့ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မောရစ်










