
ဗြိတိန်ဘုရင် တတိယမြောက်ချားစ်ရဲ့ ညီတော် အင်ဒရူး မောင့်ဘတ်တန်-ဝင်ဆာဟာ ရာထူးတာဝန် ထမ်းဆောင်စဉ် လျှို့ဝှက်ချက်ပေါက်ကြားမှု သံသယနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် စုံစမ်းစစ်ဆေးဆဲ (RUI) အနေနဲ့ ပြန်လွတ်လာပါတယ်။
ရဲက သံသယရှိသူကို ဖမ်းပြီးတဲ့နောက် သက်သေစုဆောင်းဆဲကာလမှာ အာမခံကန့်သတ်ချက် မထားနိုင်သေး၊ အမှုစွဲမတင်နိုင်သေးတဲ့အတွက် ပြန်လွှတ်ပေးထားတာကို RUI လို့ ခေါ်ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်မှာ တမ်းစ်ဗယ်လီရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒါဟာ အင်ဒရူး အတွက် ပထမဆုံးအကြိမ် အဖမ်းခံရတာဖြစ်ပေမဲ့ ပြစ်မှုကျူးလွန်ထားတာ မရှိဘူးလို့ သူက ငြင်းဆိုထားပါတယ်။
တတိယမြောက် ချားစ်ဘုရင်က “ဥပဒေအတိုင်း ဖြစ်စေရမယ်” လို့ မိန့်ကြားထားပြီး ရဲတပ်ဖွဲ့ကို အပြည့်အဝ ပူးပေါင်းကူညီသွားမယ်လို့ ဆိုပါတယ်။
အခုစစ်ဆေးမှုဟာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေအတွက် မဟုတ်ဘဲ ကွယ်လွန်သူ လိင်ပွဲစား ဂျက်ဖရီအက်ပ်စတိန်းထံ အစိုးရလျှို့ဝှက်ချက်တွေ ပေးပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်နေတာပါ။
အင်ဒရူးဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း ဗြိတိန်ရဲ့ ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ချိန်က ဗီယက်နမ်၊ စင်ကာပူ၊ တရုတ်နဲ့ အာဖဂန်နစ္စတန် ခရီးစဉ်တွေက အစိုးရ အစီရင်ခံစာတွေကို အက်ပ်စတိန်းဆီ ပေးပို့ခဲ့တယ်လို့ အမေရိကန်အစိုးရ မှတ်တမ်းတွေမှာ တွေ့ရှိခဲ့ရပါတယ်။
ဒါ့အပြင် အာဖဂန်နစ္စတန်က ရွှေနဲ့ ယူရေနီယံ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း သတင်းအချက်အလက်တွေကိုပါ ပေးပို့ခဲ့တာ တွေ့ရပါတယ်။
တရားဝင်လမ်းညွှန်ချက်အရ ကုန်သွယ်ရေးကိုယ်စားလှယ်တွေဟာ အလုပ်ခရီးစဉ်တွေက ထိလွယ်ရှလွယ်တဲ့ စီးပွားရေးနဲ့ နိုင်ငံရေး သတင်းအချက်အလက်တွေကို လျှို့ဝှက်ထားဖို့ တာဝန်ရှိပါတယ်။
သူဟာ ဗာဂျီးနီးယားဂျူးဖရီရဲ့ လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်တွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ တော်ဝင်မင်းသားဘဝကနေ အရပ်သားအဖြစ် အရာချခံခဲ့ရပြီး အိမ်တော်ကပါ နှင်ထုတ်ခံခဲ့ရပါတယ်။
Source:Reuters










