
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ၇ ရပ်ကွက်မှာ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ် ၃ နာရီဝန်းကျင်က စစ်ကောင်စီတပ်နဲ့ ရဲတွေက လူငယ်တယောက်ကို သေနတ်နဲ့ပစ်ခတ် ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သီရိရတနာလမ်းရှိ ဆိုင်ကယ်ပြင်ဆိုင်တဆိုင်မှာ လူငယ်တယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
"သေနတ်သံတွေကြားလို့ ထွက်ကြည့်မှ ကောင်လေးတယောက်ကို ရဲတွေက သေနတ်နဲ့ ဝိုင်းပစ်တာ။ လက်နဲ့ ရင်ဘတ်ကို မှန်သွားတယ်။ သွေးအိုင်ထဲမှာ လဲနေတဲ့ ကောင်လေးကို ကားပေါ်ဆွဲတင်သွားပြီး ခေါ်သွားတယ်။ ကောင်လေးက သေတော့မသေသေးဘူး။ သေနတ်နဲ့ပစ်တဲ့ ရဲတွေက အရှေ့ဒဂုံရဲစခန်းက ရဲတွေ။"
ပစ်ခတ်ဖမ်းဆီးခံရသူမှာ ကျော်ကိုကိုလို့သိရပြီး လက်တလောမှာ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ တင်ထားကာ စစ်တပ်က လုံခြုံရေးယူထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူက ပြောပါတယ်။
"အုပ်ချုပ်ရေးကို အကြောင်းမကြားဘဲ စစ်တပ်ဦးဆောင်မှုနဲ့ဝင်ဖမ်းတာ။ ကောင်လေးက ကြောက်ပြီး ပြေးတဲ့အချိန် သေနတ်နဲ့ ဝိုင်းပစ်တာ။ မြောက်ဥက္ကလာဆေးရုံမှာ တင်ထားတယ်။ စစ်တပ်က လုံခြုံရေးယူထားတယ်။ ဘာအမှုနဲ့ဖမ်းတယ်ဆိုတာမသိရဘူး။”
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းမှာ လူငယ်တွေကို ပစ်ခတ်ဖမ်းဆီးတာတွေရှိပြီး ဘာအမှုနဲ့ ဖမ်းတယ်ဆိုတာနဲ့ ဒဏ်ရာရသူတွေ သေလား၊ ရှင်လားဆိုတာ စစ်တပ်ကထုတ်ပြန် ကြေညာတာ မရှိပါဘူး။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ကလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၂၄ ရပ်ကွက်။ တပင်ရွှေထီးလမ်းမပေါ်မှာ လူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက သေနတ်နဲ့ပစ်ခတ် ဖမ်းဆီးရာမှာ တယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။










