DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်သဖြင့် ကုန်သည်များ ဆုံးရှုံးနစ်နာ
DVB
·
February 19, 2026
အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်သဖြင့် ကုန်သည်များ ဆုံးရှုံးနစ်နာ
Donate to DVB

အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်‌ရေးလမ်းကြောင်းကို ၂ လကြာ ပိတ်လိုက်ပြီးနောက် လက်ရှိမှာ ဆိုင်ဟားခရိုင်ဘက်က ပြန်ဖွင့်ပေးလိုက်ပေမဲ့ လောင်တလိုင်ခရိုင်ဘက်ကတော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။

ဒါကြောင့် လောင်တလိုင်ခရိုင်ဘက်မှာ ပိတ်မိနေတဲ့ ကုန်သည်တွေကတော့ ဆုံးရှုံးနစ်နာမှုများစွာ ရှိနေတယ်လို့ ကုန်သည်တွေနဲ့ ကုန်ကားမောင်းနှင်သူတွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံသား ယာဉ်မောင်းတယောက် သေဆုံးတဲ့ဖြစ်စဉ်ကြောင့် အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ၂ လကြာ ပိတ်ထားရာကနေ လက်ရှိမှာ ဆိုင်ဟားခရိုင်ဘက်က လမ်းကြောင်းကို ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ မရာလူငယ်များအစည်းအရုံး (MTP) ဌာနချုပ်က ထုတ်ပြန်လိုက်ပါတယ်။

ဒါပေမဲ့ လောင်တလိုင်ခရိုင်ဘက်ကတော့ နယ်စပ်ကုန်သွယ်ရေးလမ်းတွေကို ပိတ်ထားဆဲ ဖြစ်တယ်လို့ ကုန်သည်တွေနဲ့ ကုန်ကားမောင်းနှင်သူတွေက ပြောပါတယ်။

လက်ရှိမှာတော့ လောင်တလိုင်ဘက်ခြမ်းမှာ ပိတ်မိနေတဲ့ ကုန်ကားတွေ ရှိနေပြီး ကုန်စိမ်း တင်ပို့နေတဲ့ ကုန်သည်တွေအတွက်လည်း ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးရနိုင်တယ်လို့ အိန္ဒိယကနေ ရခိုင်ကို ကုန်စည်တွေ ပို့ဆောင်နေတဲ့ ကုန်သည်တယောက်က ပြောပါတယ်။

“လက်ရှိမှာ ဆိုင်ဟားလမ်းက ပြန်ဖွင့်လိုက်ပါပြီ။ လောင်တလိုင်ဘက်ကတော့ ကားသမား သေဆုံးသွားတဲ့အတွက် ၂ လပိတ်လိုက်တယ် ဆိုပြီး လုပ်လိုက်တာပါ။ အဲဒီကိုရောက်ပြီးသား ကုန်သည်တွေကတော့ ပိတ်မိနေပါတယ်။ ဆုံးရှုံးမှုတွေတော့ ရှိနိုင်ပါတယ်။ ဘာလို့ဆို အဲဒီမှာ နေထိုင်စရိတ်၊ စားစရိတ်တွေက ဈေးအရမ်းကြီးတော့ တရက်ဆိုတရက် ကြာသလောက် ကုန်ကျစရိတ်က ကြီးနေတာလေ။ အဓိကက စားကုန်တွေ၊ ကုန်စိမ်းချတဲ့ ကုန်သည်တွေပေါ့နော်၊ သူတို့က အဓိက ဆုံးရှုံးမှု ကြီးသွားမှာပေါ့” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာကို ကုန်စည်သွားရောက်ပို့ဆောင်နေတဲ့ အိန္ဒိယနိုင်ငံ၊ မိဇိုရမ်က ယာဉ်မောင်းတယောက်ဟာ ရက်အတော်ကြာ ပျောက်ဆုံးနေပြီး ဖေဖော်ဝါရီ ၁၅ ရက်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင်နဲ့ လောင်တလိုင်ခရိုင်ကနေ ရခိုင်နဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းတွေကို လုံခြုံရေး အခြေအနေကြောင့်ဆိုပြီး ဖေဖော်ဝါရီ ၁၆ ရက်ကနေ ဧပြီ ၁၆ ရက်ထိ ၂ လကြာ ပိတ်ပင်လိုက်တယ်လို့ လောင်တလိုင်ခရိုင် တရားရုံးက အမိန့်စာထုတ်ပြန်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ဆိုင်ဟားခရိုင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်လိုက်တာပါ။ ဒါပေမဲ့ အိန္ဒိယ အရပ်ဘက်အဖွဲ့အစည်းတချို့က လူသေမှု မပြီးမချင်း သွားလာခွင့်မပြုဖို့ တောင်းဆိုနေကြသလို လမ်းခရီးအခက်အခဲကြောင့် သွားလာဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

အဲဒီလို နယ်စပ်ကုန်သွယ်‌ရေးလမ်းကြောင်းကို ပိတ်နေတဲ့အတွက် ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ ဒေသတွင်း ကုန်ဈေးနှုန်းတွေ ပြတ်လပ်လာနိုင်သလို ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်မားလာမှာကို စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

ရခိုင်ဒေသခံတယောက်က “အိန္ဒိယဘက်က လမ်းပိတ်မယ်ဆိုရင် အခက်အခဲတွေ များလာပါမယ်။ ခုလို လမ်းအကြာကြီး ပိတ်မယ်ဆိုရင်တော့ စိုးရိမ်ရနိုင်ပါတယ်။ ကုန်ဈေးနှုန်းတွေလည်း မြင့်လာနိုင်တယ်။ အခုလက်ရှိမှာတောင် ကုန်ဈေးနှုန်းတွေက နည်းနည်းတက်လာတာကို တွေ့ပါတယ်။ အိန္ဒိယဘက်က စားသုံးဆီတို့၊ စက်သုံးဆီတို့ အဓိကဝင်တာဆိုတော့လေ၊ ခုလို လမ်းပိတ်လိုက်ပြီဆိုရင် ကုန်စည်စီးဆင်းမှုက မရှိတော့ဘူးဆိုတော့ ရှိနေတဲ့ကုန်တွေကို ကုန်ပိုင်ရှင်တွေက ဈေးနည်းနည်းတင်ချင်ကြတာလည်း ပါပါတယ်။ ဒါကြောင့် ဒီလိုမျိုး ကြာရှည်မယ်ဆိုရင် ဈေးက ပိုတက်လာနိုင်တာပေါ့နော်။ အရင်က လမ်းမပိတ်ခင်က စက်သုံးဆီ တလီတာကို ၆,၀၀၀ လောက်ပဲရှိတာ၊ ခုဆိုရင် တလီတာကို မြို့ပေါ်မှာတောင် ၇,၀၀၀၊ ၇,၅၀၀ ဝန်းကျင်လောက် ရောင်းနေကြပြီ။ မြို့နဲ့ အလှမ်းဝေးတဲ့နေရာတွေမှာဆိုရင် ဒီထက်ပိုပြီး ဈေးကြီးနိုင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အဆင်ပြေစေဖို့အတွက် သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့အစည်းတွေအကြား ဆက်လက်ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရခိုင်မှာ မြို့သိမ်းတိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်တပ်က ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့လိုက်တာပါ။

ဒါကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အဓိကထား အားကိုးလာကြရပြီး မီဇိုရမ်ပြည်နယ်ကနေတဆင့် ရခိုင်နဲ့ ချင်းပြည်နယ်ဘက်ကို အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို အဓိက တင်သွင်းနေတာပါ။

တဖက်မှာလည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အမြန်ဆုံးပြန်ဖွင့်ပေးနိုင်ဖို့ ရခိုင်က ဒေသခံတွေနဲ့ ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013