DVB Logo
Home
မြန်မာသတင်း
ကုန်စည်စီးဆင်းမှုကောင်းရန် အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ် 
DVB
·
August 2, 2025
ကုန်စည်စီးဆင်းမှုကောင်းရန် အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ် 
Donate to DVB

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မရာဒေသနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့တို့ကို ကုန်စည်စီးဆင်းမှု အားကောင်းလာနိုင်ဖို့ နယ်စပ်ကားလမ်းသစ်တခုကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF) က ဦးဆောင်ပြီး ဖောက်လုပ်နေတယ်လို့ MTC/MDF ရဲ့ တာဝန်ရှိသူတွေနဲ့ ရခိုင်ကကုန်သည်တွေက ပြောပါတယ်။ 

အိန္ဒိယ - ပလက်ဝ နယ်စပ်ကားလမ်းသစ်မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါရာကျေးရွာကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ဆက်သွယ်ထားတဲ့လမ်းကို မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်က စတင်ဖောက်လုပ်နေတာဖြစ်ပါတယ်။ 

အဲဒီကားလမ်းသစ်ဟာ မရာဒေသက ကျေးရွာပေါင်း ၄၀ လောက်ကို ဖြတ်သန်းဖောက်လုပ် ထားတာဖြစ်ပြီး အရှည် ကီလိုမီတာ ၈၀ ခန့်နဲ့ ၂၁ ပေကျယ်ဝန်းတဲ့ မြေသားလမ်းဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒီကားလမ်းသစ်ဖောက်လုပ်ပြီးစီးပါက မရာဒေသတခုလုံးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာနိုင်တဲ့အပြင် အိန္ဒိယဘက်ကနေ ရခိုင်ပြည်ကို ကုန်စည်စီးဆင်းမှုတွေ ပိုအားကောင်း လာနိုင်တယ်လို့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုဓူဝံက ပြောပါတယ်။ 

“မရာဒေသအတွင်းက ကျေးရွာ ၄၊ ၅ ရွာလောက်ကို လုံးဝကားလမ်းကမပေါက်ဘူး၊ ဒီလမ်းပန်း ဆက်သွယ်ရေးက အရမ်းခက်ခဲတယ်။ ပြီးတော့ ကုန်စည်စီးဆင်းမှုကလည်း အရမ်းကိုခက်ခဲပါတယ်။ ဒီလမ်းကြောင်းကြောင့် လိုအပ်ရင်တော့ အိန္ဒိယဘက်က ကုန်စည်တွေရော၊ ပလက်ဝဘက်၊ ကျောက်တော်ဘက်က ရခိုင်ကုန်စည်တွေရော ရရှိဖို့အတွက် ကျနော်တို့နယ်မြေအတွက် အရမ်းကိုအကျိုး ဖြစ်စေမှာဖြစ်လို့ ဖောက်လုပ်ရတာဖြစ်ပါတယ်။” 

လက်ရှိ ရခိုင်မှာ မိုးရာသီကာလဖြစ်တာကြောင့် အိန္ဒိယ နဲ့ ရခိုင်ကို ဆက်သွယ်သွားလာနေရတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ သွားလာရခက်ခဲတဲ့အပြင် မကြာခဏတောင်ပြိုကျတာတွေ၊ မြေသားလမ်းပျက်စီးနေတာတွေအပြင် ရေကြောင်းခရီးတွေကလည်း အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ကုန်သည်တွေနဲ့ ကားသမားတွေက ပြောပါတယ်။ 

အခုလို လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတဲ့အတွက် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာတာ အပြင် သယ်ယူစရိတ်တွေကို ဈေးကြီးပေးနေရတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ကားလမ်းသစ်ဖောက်လုပ်ပြီးစီးရင် အိန္ဒိယ-ရခိုင် ကုန်စည်စီးဆင်းမှုတွေက အရင်ကထက် ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ဒေသတွင်းကုန်ဈေးနှုန်းမြင့်တက်နေမှုတွေကိုပါ လျှော့ချနိုင်လိမ့်မယ်လို့ အိန္ဒိယဘက်ကနေ ရခိုင်ကို ကုန်စည်တွေတင်သွင်းနေတဲ့ ကုန်သည်တယောက်ကပြောပါတယ်။ 

“ကျနော်တို့ ကုန်သည်တွေအတွက်သာမက ရခိုင်တပြည်နယ်လုံးအတွက်လည်း အလွန်အရေးကြီးတဲ့လမ်းပါပဲ။ ခုလက်ရှိ စစ်ရေးကာလမှာဆိုရင် ကုန်စည်စီးဆင်းမှုတွေက တော်တော်လေးခက်ခဲတဲ့အချိန်မှာ အခုလို အိန္ဒိယနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတခုကို ဖောက်လုပ်နိုင်ခဲ့မယ်ဆိုရင် ပြည်သူတွေအတွက် အဆမတန်မြင့်တက်နေတဲ့ ကုန်စည်ဈေးနှုန်းတွေကို လျှော့ချနိုင်မယ်၊ ပြီးရင် ကုန်သည်တွေအတွက်လည်း ခုသွားလာနေရတဲ့ ရေလမ်းကြောင်းဆိုတာက အသက်အန္တရာယ်တောင်ကြုံရနိုင်တဲ့ အနေအထားရှိနေတယ်လေ၊ အဲဒါတွေကို ကျနော်တို့ ရှောင်ရှားနိုင်သွားမယ်၊ ကုန်ကျစရိတ်ကလည်း ရေလမ်းကိုမှီပြီး အဆင့်ဆင့်သွားနေရတာနဲ့စာရင် ကုန်ကျစရိတ်ရဲ့ ထက်ဝက်ကျော်လောက်ကို လျှော့ချနိုင်မယ့်အနေအထားပါ။” 

အဲဒီကားလမ်းသစ်ဟာ မြန်မာငွေကျပ် သိန်း ၄ ထောင်လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး လက်ရှိမှာ ဘတ်ဂျက်လိုအပ်ချက် များစွာရှိနေသေးတယ်လို့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ရဲ့ပြောရေးဆိုခွင့်ရှိသူ  ကိုဓူဝံက ပြောပါတယ်။ 

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ကုန်စည်စီးဆင်းခွင့် ပိတ်ပင်လိုက်ပါတယ်။ 

ဒါကြောင့် ပလက်ဝအပါအဝင် ရခိုင်က မြို့နယ် ၁၅ မြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ရရှိပြီးတဲ့နောက် လိုအပ်တဲ့ အခြေခံစားသောက်ကုန်၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကနေ အဓိက အားထားနေကြရတာဖြစ်ပါတယ်။ 

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013