
အာဂျင်တီးနားကနေ ကိတ်ဗာဒီကိုသွားတဲ့ အတ္တလန္တိတ်သမုဒ္ဒရာဖြတ် အပျော်စီးသင်္ဘောကြီး တစင်းပေါ်မှာ ဟန်တာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူ ၃ ယောက် သေဆုံးသွားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
MV Hondius အပျော်စီးသင်္ဘောပေါ်က အသက် ၇၀ အရွယ် အမျိုးသားခရီးသွားတယောက် ဖျားနာပြီး စိန့်ဟယ်လီနာကျွန်းကို အရောက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ တောင်အာဖရိက ကျန်းမာရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။
အသက် ၆၉ နှစ်အရွယ် သူ့ရဲ့ဇနီးဟာလည်း ဖျားနာပြီး တောင်အာဖရိကနိုင်ငံ ဂျိုဟာနက်စဘတ်မြို့က ဆေးရုံမှာ ဆုံးပါးသွားပါတယ်။ သေဆုံးသူ ဇနီးမောင်နှံဟာ ဒတ်ချ်လူမျိုးတွေ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်တဲ့ တဦးတည်းသောသူကတော့ အသက် ၆၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသားပါ။ သူဟာ တောင်အာဖရိကမှာပဲ အထူးကြပ်မတ်ကုသဆောင်မှာ ရှိနေပြီးတခြား သင်္ဘောအမှုထမ်း ၂ ယောက်ဟာလည်း အရေးပေါ် ဆေးဝါးစောင့်ရှောက်မှု လိုအပ်နေပါတယ်။
ဒတ်ချ်တာဝန်ရှိသူတွေကတော့ သင်္ဘောပေါ်မှာ ရှိနေသေးတဲ့ ရောဂါလက္ခဏာပြသူ ၂ ယောက်နဲ့ သေဆုံးသွားတဲ့ တတိယမြောက်လူရဲ့ ရုပ်အလောင်းကို နေရပ်ပြန်ပို့ဖို့ စီစဉ်နေပါတယ်။
ရောဂါလက္ခဏာပြနေသူတွေကို ဆေးကုသဖို့ ရွှေ့ပြောင်းပေးရေးနဲ့ ကျန်ခရီးသည်တွေကို ကူညီပေးနိုင်ဖို့ သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
ဟန်တာဗိုင်းရပ်စ်ဆိုတာ ကြွက်လို ကိုက်ဖြတ်သတ္တဝါတွေ သယ်ဆောင်တဲ့ ဗိုင်းရပ်စ်မျိုးကွဲတမျိုး ဖြစ်ပါတယ်။ ကြွက်ချေးခြောက်ကနေ လွင့်စဉ်လာတဲ့ အမှုန်တွေကို ရှူရှိုက်မိရာကနေ လူကို အဓိက ကူးစက်လေ့ရှိပါတယ်။
Source: Reuters










