
ကမ္ဘာ့ဖလားဆုရှင် ပြင်သစ်လက်ရွေးစင် ဘောလုံးသမားဟောင်း ဒေးဗစ်ထရေဇီဂေးဟာ ဖေဖော်ဝါရီ ၁၅ ရက်က ကိုလံဘီယာနိုင်ငံ၊ ဘိုကိုတာမြို့မှာ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ဒီဆုဖလားကြီးဟာ ကမ္ဘာလှည့်ခရီးစဉ်အဖြစ် နိုင်ငံတကာမှာ လှည့်လည်ပြသနေတာဖြစ်ပြီး ကိုလံဘီယာနိုင်ငံကို ရက်ပေါင်း ၁၅၀ ခရီးစဉ်ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒီသမိုင်းဝင်ဆုဖလားကို ဖီဖာအသင်းဝင် နိုင်ငံ ၃၀ က ပြည်သူတွေ မြင်တွေ့ကြရမှာဖြစ်ပြီး ဘိုကိုတာမြို့မှာတော့ အများပြည်သူအတွက် ပြခန်းဖွင့်ပွဲကို မနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဖီဖာကမ္ဘာ့ဖလား ၂၀၂၆ ခုနှစ် ခရီးစဉ်ကို ဇန်နဝါရီလက ဆော်ဒီအာရေဗျနိုင်ငံက စတင်ခဲ့တာဖြစ်ပြီး ဆော်ဒီဟာ ၂၀၃၄ ခုနှစ်မှာ ကမ္ဘာ့ဖလားကို လက်ခံကျင်းပမဲ့နိုင်ငံလည်း ဖြစ်ပါတယ်။
ဒီဖလားဟာ အခုနှစ်မှာ ကမ္ဘာ့ဖလား ပူးတွဲကျင်းပမဲ့ နိုင်ငံ ၃ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေဆီ ရောက်ရှိအောင် ခရီးဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်။
၂၀၃၀ ပြည့်နှစ်မှာ အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပကြမဲ့ မော်ရိုကို၊ ပေါ်တူဂီနဲ့ စပိန်နိုင်ငံတို့လည်း ဆုဖလားရဲ့ ကမ္ဘာ့လှည့်ခရီးစဉ်ထဲမှာ ပါဝင်ပါတယ်။
လက်တင်အမေရိကားမှာတော့ ဂွါတီမာလာနဲ့ ဟွန်ဒူးရပ်စ်နိုင်ငံတွေကို လှည့်လည်သွားလာခဲ့ပြီး ဖြစ်တဲ့ ဒီဆုဖလားဟာ အီကွေဒေါ၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ဘရာဇီးနိုင်ငံတွေကိုလည်း သွားရောက်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားကို ဇွန် ၁၁ ရက်နေ့ စတင်ကျင်းပသွားမှာဖြစ်ပြီး ဇူလိုင် ၁၉ ရက်နေ့မှာ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကြရမှာပါ။
ဒီပြိုင်ပွဲမှာ အသင်း ၃၂ သင်း ယှဉ်ပြိုင်ရာကနေ အခုနှစ်မှာတော့ ၄၈ သင်းအထိ တိုးချဲ့ယှဉ်ပြိုင်ကြရတဲ့ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ပါတယ်။










