
ဆီနီဂေါနိုင်ငံ၊ ဒါကာမြို့ရဲ့ လမ်းတွေတလျှောက်မှာ လိင်တူဆက်ဆံမှုကို ဆန့်ကျင် ရှုတ်ချတဲ့ ဆန္ဒပြသူတွေဟာ ဖေဖော်ဝါရီ ၁၄ ရက်မှာ စုဝေးချီတက်ခဲ့ပါတယ်။
လိင်တူဆက်ဆံမှု၊ ရည်ရွယ်ချက်ရှိရှိ HIV ကူးစက်အောင်လုပ်မှု၊ ကလေးသူငယ် အလွဲသုံးစားပြုမှု ကွန်ရက်မှာ ပါဝင်ပတ်သက်မှုနဲ့ စွပ်စွဲခံရသူတွေကို အာဏာပိုင်တွေက ဖမ်းပြီးတဲ့နောက် လိင်တူဆက်ဆံမှုကို ပိုပြင်းပြင်းထန်ထန် အရေးယူဖို့ တောင်းဆိုတဲ့အနေနဲ့ ခုလိုဆန္ဒပြတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
လိင်တူဆက်ဆံမှုကို ရှုတ်ချတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေက မကြာသေးမီက အဖမ်းအဆီးတွေထဲမှာ သံသယရှိသူတွေကို ပစ်မှတ်ထားတဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေကို ထောက်ခံတယ်လို့ ထုတ်ပြောခဲ့ကြပါတယ်။
လိင်တူဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ထောင်ဒဏ်ချမှတ်နိုင်တဲ့ လူမှုရေးအရ ရှေးရိုးစွဲနေတဲ့ အနောက်အာဖရိကနိုင်ငံ ဆီနီဂေါမှာ အများပြည်သူဆိုင်ရာ အငြင်းပွားမှုတွေကို နှိုးဆွပေးတဲ့ အဖမ်းအဆီးတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်တိုက်ဖြစ်အပြီး LGBTQ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆီနီဂေါမှာ တင်းမာမှုတွေ ပြန်မြင့်တက်လာချိန်မှာ ခုလို ဆန္ဒပြပွဲ ပေါ်ပေါက်လာတာပါ။
အာဏာပိုင်တွေက မကြာသေးမီက လိင်တူဆက်ဆံမှုကို တရားစွဲဖို့ သုံးတဲ့ တရားဝင် အသုံးအနှုန်းဖြစ်တဲ့ သဘာဝကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ အတွက် သံသယရှိသူတွေကို ဖမ်းဆီးခဲ့ပါတယ်။
အရွယ်မရောက်သေးသူတွေနဲ့ HIV ကူးစက်မှု ပါဝင်နေတဲ့ ကလေးသူငယ် အလွဲသုံးစားပြုမှု ကွန်ရက်နဲ့ ဆက်စပ်နေသူ ၁၄ ယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပြင်သစ်အာဏာပိုင်တွေနဲ့ ပူးတွဲစုံစမ်းစစ်ဆေးမှုကတဆင့် ဖော်ထုတ်တွေ့ရှိခဲ့တဲ့ သံသယရှိသူ ကွန်ရက်ဟာ ယောက်ျားလေးတွေကို လိင်ပိုင်းဆိုင်ရာ အပြုအမူတွေအတွက် အတင်းအကျပ် ခိုင်းစေခဲ့ပြီး ဗီဒီယိုရိုက်ကူးထားတယ်လို့ စွပ်စွဲခံထားရပါတယ်။
သံသယရှိသူ အများအပြားဟာ အလွဲသုံးစားပြုမှုကို စီစဉ်ခြင်း ဒါမှမဟုတ် လွယ်ကူချောမွေ့အောင် ဆောင်ရွက်ခြင်းတို့အတွက် စွပ်စွဲခံထားရပါတယ်။
ဒီအမှုဟာ လူထုရဲ့ဒေါသကို ပိုပြင်းထန်စေပြီး ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့တာပါ။
တက်ကြွလှုပ်ရှားသူတချို့နဲ့ ဥပဒေကျွမ်းကျင်သူတွေက ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို လိင်စိတ်ခံယူချက်နဲ့ မရောဖို့ သတိပေးခဲ့ကြပါတယ်။
ဆီနီဂေါနိုင်ငံမှာ လိင်တူဆက်ဆံမှုကို လူထုက အပြင်းအထန် ဆန့်ကျင်ခဲ့တာ ကြာပါပြီ။ LGBT ဆန့်ကျင်ရေးအဖွဲ့တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေက ပိုတင်းကျပ်တဲ့ ဥပဒေတွေနဲ့ ပြဋ္ဌာန်းချက်တွေ ချမှတ်ဖို့ အကြိမ်ကြိမ် တွန်းအားပေးခဲ့ကြပါတယ်။
လူ့အခွင့်အရေးအဖွဲ့အစည်းတွေက နိုင်ငံထဲက LGBTQ တွေဟာ ခွဲခြားဆက်ဆံမှု၊ ဖမ်းဆီးမှုတွေနဲ့ လူမှုရေးအမည်းစက်တွေကို ရင်ဆိုင်နေရပြီး မကြာသေးမီက ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေနဲ့ အများပြည်သူရဲ့ အပြောအဆိုတွေက အသိုင်းအဝိုင်းအတွင်း ကြောက်ရွံ့စိတ်တွေကို မြင့်တက်စေတယ်လို့ ပြောခဲ့ကြပါတယ်။
Source: Reuters










