
ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရိုဟာ ရဟတ်ယာဉ်နဲ့ စီးနင်းသွားလာနေတုန်း သူ့ကို လုပ်ကြံဖို့ ကြိုးပမ်းမှုတခုကနေ လွတ်မြောက်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ဖော်ပါတယ်။
ဒီဖြစ်ရပ်ဟာ ဖေဖော်ဝါရီ ၉ ရက် ညမှာ ဖြစ်ပွားခဲ့တာလို့ သမ္မတ ပက်ထရိုက တိုက်ရိုက် ထုတ်လွှင့်နေတဲ့ ဝန်ကြီးအဖွဲ့အစည်းအဝေးအတွင်းမှာ ပြောကြားခဲ့ပြီး ရဟတ်ယာဉ်ဆင်းသက်ဖို့ စီစဉ်ထားတဲ့နေရာမှာ မီးတွေဖွင့်မထားတဲ့အပြင် ပစ်ခတ်ခံရနိုင်ကြောင်း စိုးရိမ်မှုတွေရှိခဲ့လို့ မဆင်းနိုင်ခဲ့ဘူးလို့လည်း ပြောပါတယ်။
သမ္မတပက်ထရိုဟာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တဲ့ ရေဘေးသင့်ဒေသတွေကို ရဟတ်ယာဉ်နဲ့ မိသားစုဝင်တွေလည်း လိုက်ပါ လှည့်လည်ပျံသန်း ကြည့်ရှုချိန်အတွင်း ကော်ဒိုဘာမြို့ကို ရောက်ရှိပြီးနောက်မှာ အခုလို ကြုံတွေ့ခဲ့ရတာပါ။
ဆင်းသက်ရမယ်လို့ ပြောထားတဲ့နေရာကို အချိန် ၂ နာရီလောက် မဆင်းသက်နိုင်ခဲ့ဘဲ လုံခြုံရေးအရ ပင်လယ်ပြင်ဘက်ကို ၄ နာရီကြာ လမ်းကြောင်းပြောင်း ပျံသန်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သမ္မတ ပက်ထရိုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့ဆုံမှုကို နှောင့်ယှက်ဖို့ ကြိုးပမ်းခဲ့တဲ့ ရဲဗိုလ်ချုပ်တယောက်ကိုလည်း ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
သမ္မတ ပက်ထရိုဟာ သူ ရာထူးတာဝန်ယူချိန် ၂၀၂၂ ခုနှစ်ကတည်းက မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေနဲ့ ကိုလံဘီယာရဲ့ မာဖီးယားတွေလို့ သူခေါ်ဆိုနေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ လုပ်ကြံမဲ့ အစီအစဉ်တွေကို သတိပေးခံခဲ့ရတာဖြစ်ပြီး အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန (DEA) ကလည်း သူ့ရဲ့လုံခြုံရေးအတွက် စိုးရိမ်ရတဲ့အကြောင်း အရင်ကတည်းက သတိပေးခဲ့ပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းက ကိုလံဘီယာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း ဖရန်စစ္စကို ပါလ်မီရီက ဒီပြဿနာတွေအပေါ် တကယ့်ကို စိုးရိမ်ပူပန်ရတဲ့အခြေအနေ ရှိနေကြောင်း ပြောကြားခဲ့ဖူးပါတယ်။
Source: Reuters










