DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ပြောင်းအထွက်နှုန်းကျပြီး တောင်သူများ အခက်တွေ့
DVB
·
February 10, 2026
ဧရာဝတီတိုင်းတွင် ပြောင်းအထွက်နှုန်းကျပြီး တောင်သူများ အခက်တွေ့
Donate to DVB

ဧရာဝတီတိုင်းမှာ ဒေသခံတောင်သူတွေ စိုက်ပျိုးတဲ့ ဖူးစားပြောင်းတွေ အထွက်နှုန်း ကျဆင်းနေကြောင့် ဒေသခံ တောင်သူတွေ အခက်အခဲတွေ့နေတယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းမှာ အခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ တောင်သူတွေ စပါးနဲ့ယှဉ်တွဲပြီး စိုက်ပျိုးထားတဲ့ ဖူးစားပြောင်း သီးနှံတွေကို သိမ်းဆည်းနေတဲ့အချိန်ဖြစ်ပြီး လက်ရှိ ဖူးစားပြောင်း တဧကကို ပြောင်းအဖူးရေ ၁၀,၀၀၀ လောက်သာ ထွက်ရှိပြီး ပြီးခဲ့တဲ့ ဆောင်းသီးနှံ စိုက်ပျိုးရာသီက ဖူးစားပြောင်း တဧကကို ပျမ်းမျှ ပြောင်းအဖူးရေ ၁၈,၀၀၀ ကျော်အထိ ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက တောင်သူတယောက်က “ပြောင်းသီးနှံက ဒုတိယ ဦးစားပေးသီးနှံပါ။ အခုနှစ် တဆ နှစ်ဆ လျော့ကျနေတယ်။ မြတ်ဖို့ မပြောနဲ့၊ လုပ်ခနဲ့ စက်သုံးဆီဖိုးတောင် မနည်းရအောင် ပြန်လုပ်နေရတယ်။ ဒီအတိုင်းဆို နွေသီးနှံတောင် လုပ်နိုင်ဖို့ မသေချာဘူး။ သီးနှံတွေ အထွက်လျော့တဲ့ အဓိကအချက်က ရာသီဥတု ဖောက်ပြန်တာနဲ့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ အကြောင်းအမျိုးအမျိုးကြောင့် ဒုက္ခတွေ ရောက်ရတာ” လို့ ပြောပါတယ်။

အဲဒီ ဖူးစားပြောင်းတွေ အထွက်နှုန်း ကျဆင်းတာဟာ ဧရာဝတီတိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ငမြောင်တောင်ပိုးနဲ့ ဖျက်ပိုးကိုက်ဖျက်တာ၊ နိုင်ငံရေးအကျပ်အတည်းကြောင့် စိုက်ပျိုးရေးသွင်းအားစုတွေ ဈေးထိုးတက်တာ၊ သီးနှံတွေ အထွက်ကောင်းစေဖို့၊ ပိုးမွှားအန္တရာယ် မကျရောက်စေဖို့ သုံးနေကျ ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေ အပြည့်အဝ မသုံးစွဲနိုင်တာနဲ့ ဒေသမတည်ငြိမ်မှုတွေကြောင့်လည်း လယ်ယာလုပ်ငန်းတွေကို စနစ်တကျ မလုပ်နိုင်တဲ့ အခြေအနေတွေကြောင့် ဖြစ်တယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က တောင်သူတယောက်က “ပြောင်းဈေးက မဆိုးပါဘူး၊ အထွက်လျော့နေတော့ အကျိုးမဖြစ်ဘူး။ ဒီပုံစံအတိုင်းဆို မလွယ်တော့ဘူး။ မိသားစုတွေက စိုက်ပျိုးရေးမလုပ်ဘဲ တခြားအလုပ်ပဲ လုပ်ဖို့ပြောနေတာ။ တိုက်ပွဲတွေကြောင့်လည်း အဆင်မပြေဖြစ်တယ်။ ဒေသမတည်မငြိမ်ဖြစ်တာက သုံးနှစ်ထဲရောက်နေပြီ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ လက်ရှိ ဖူးစားပြောင်းအဖူးရေ ၁၀၀ ကို ငွေကျပ် ၄,၀၀၀ ကနေ ၅,၅၀၀ အထိ ဈေးပေါက်နေပြီး ပြီးခဲ့တဲ့နှစ်က ဖူးစားပြောင်းအဖူးရေ ၁၀၀ ကို ငွေကျပ် ၂,၅၀၀ အထိသာ အမြင့်ဆုံး ဈေးပေါက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ တောင်သူတွေဟာ ဖူးစားပြောင်းတွေ အထွက်နှုန်း ကျဆင်းနေတဲ့အပြင် လယ်ယာသုံး စက်ပစ္စည်းတွေ ဝယ်မရတာ၊ လယ်ယာသုံးစက်သုံးဆီဖြစ်တဲ့ ဒီဇယ်ဆီဈေး ပြန်မကျသေးတာ၊ ဓာတ်မြေသြဇာဈေးတွေ ပြန်မကျတာ၊ NLD ပါတီ အရပ်သားအစိုးရလက်ထက်က တောင်သူတွေ ချေးထားတဲ့ ဘဏ်ချေးငွေတွေနဲ့ ကိုဗစ်ချေးငွေတွေကို အတင်းတောင်းနေတာ စတဲ့ အခက်အခဲပါ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဧရာဝတီတိုင်းတွင် ပြောင်းအထွက်နှုန်းကျပြီး တောင်သူများ အခက်တွေ့