DVB Logo
Home
မြန်မာသတင်း
Heineken စက်ရုံ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု နယ်သာလန်ရှိ မိခင်ကုမ္ပဏီကို ဖြေရှင်းခိုင်း
DVB
·
February 9, 2026
Heineken စက်ရုံ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု နယ်သာလန်ရှိ မိခင်ကုမ္ပဏီကို ဖြေရှင်းခိုင်း
Donate to DVB

Heineken ဘီယာစက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်နေတာနဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံက မိခင်ကုမ္ပဏီကို ဖြေရှင်းပေးဖို့ အကြောင်းကြားထားတယ်လို့ မြန်မာနိုင်ငံ စက်မှု၊ လက်မှု နှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ဆီက သိရပါတယ်။

မှော်ဘီမြို့နယ်အတွင်း ဖွင့်လှစ်ထားတဲ့ Heineken ဘီယာစက်ရုံမှာ နားရက်မပေးဘဲ အလုပ်စေခိုင်းတာ၊ အတည်တကျ အလုပ်ခန့်ထားခြင်းမရှိတာ၊ လုပ်ခလစာ မတရားဖြတ်တောက်တာ စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတာလို့ ဆိုပါတယ်။

အဲဒီလို အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာ နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံက ရုံးချုပ်ဆီ အကြောင်းကြားထားပြီး တာဝန်ယူဖြေရှင်းပေးတာ မရှိရင် ထုတ်ကုန်အပေါ် ဆန့်ကျင်ရေးလူပ်ရှားမှုတွေ လုပ်သွားမယ်လို့ MICS-TUsF  အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က ပြောပါတယ်။

“Heineken ရဲ့ မိခင်ကုမ္ပဏီ ကျနော်တို့အဖွဲ့ချုပ် ဆွေးနွေးညှိနိူင်းလို့မှ အကြောင်းမထူးရင် နယ်သာလန်က အလုပ်သမားအဖွဲ့တွေ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး ကမ်ပိန်းလုပ်သွားမှာဖြစ်ပါတယ်။”

Heineken ဘီယာစက်ရုံအနေနဲ့ အလုပ်သမားတွေကို တိုက်ရိုက်ခေါ်ယူ ခန့်ထားတာမရှိဘဲ တဆင့်ခံ အေဂျင်စီက ခန့်အပ်တဲ့ စနစ်ကို ကျင့်သုံးနေတာလို့ အဲဒီစက်ရုံလုပ်သားတွေက ဆိုပါတယ်။

အလုပ်သမားတွေကို အလုပ်သက်တမ်း ၆ လပဲ သတ်မှတ်ပေးထားပြီး လုပ်သက်အပေါ် ခံစားခွင့်မပေးရအောင် ထိန်းချုပ်ထားတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ အလုပ်သမားတယောက်က ပြောပါတယ်။

“၆ လတကြိမ် စာချုပ်ချုပ်ရတယ်။ နားရက်အပြည့်မရဘူး၊ တရက်ပျက်ရင် ၃ သောင်းဖြတ်တယ်။ ၂ ရက်ပျက်ရင် အလုပ်ထုတ်တယ်။”

အဲဒီလို လုပ်ငန်းခွင်အခွင့်အရေး ချိုးဖောက်မူတွေအပေါ် အလုပ်သမားရုံးက စစ်ဆေးအရေးယူတာမျိုးမလုပ်ဘဲ မျက်ကွယ်ပြုထားတယ်လို့ MICS-TUsF အဖွဲ့ဝင်တယောက်က ပြောပါတယ်။

Heineken မှာ နယ်သာလန်အခြေစိုက် ကမ္ဘာ့ထိပ်တန်းဝင် ဘီယာအမှတ်တံဆိပ်ဖြစ်ပြီး မြန်မာနိုင်ငံမှာ ၂၀၁၆ ဝန်းကျင်က အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါးနဲ့ ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Heineken အနေနဲ့ စစ်ကောင်စီအတွက် ဝင်ငွေရလမ်းဖြစ်တဲ့ အခွန်ပေးဆောင်နေတဲ့ အဓိကလုပ်ငန်းတခုအဖြစ် ရပ်တည်နေတယ်လို့ Justice for Myanmar ရဲ့ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013