
ပေါ်တူဂီနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ ဗဟိုလက်ဝဲယိမ်း ဆိုရှယ်လစ်ပါတီက အန်တိုနီယို ဟိုဆေး ဆဂူရူ အနိုင်ရရှိခဲ့ပြီး ၅ နှစ်သက်တမ်းကို ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။
ကနဦး ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ အသက် ၆၃ နှစ်အရွယ် ဆဂူရူက အဓိကပြိုင်ဘက်ဖြစ်တဲ့ လက်ယာစွန်းဝါဒီ အန်ဒရေ ဗန်တူရာကို မဲရလဒ် အပြတ်အသတ်နဲ့ အနိုင်ယူခဲ့တာပါ။
အဲဒီနောက် လစ္စဘွန်းနဲ့ ပေါ်တိုလိုမျိုး မြို့ကြီးတွေက ဆန္ဒမဲတွေကို နောက်ဆုံးမှသာ စိစစ်လေ့ရှိပေမဲ့လည်း မဲ ၉၅ ရာခိုင်နှုန်းအထိ ရေတွက်ပြီးချိန်မှာတော့ ဆဂူရူက ၆၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။
သမားရိုးကျနိုင်ငံရေးစနစ် (Anti - Establishment) နဲ့ ရွှေ့ပြောင်းအခြေချမှုအပေါ် (Anti - Immigration) ဆန့်ကျင်တဲ့ အသက် ၄၃ နှစ်အရွယ် ဗန်တူရာ ကတော့ ၃၄ ရာခိုင်နှုန်းသာ ရရှိထားတာကို တွေ့ရပါတယ်။
ဒါပေမဲ့လည်း ဗန်တူရာရဲ့ ချေဂါပါတီဟာ ပြီးခဲ့တဲ့နှစ် အထွေထွေရွေးကောက်ပွဲတုန်းက ရရှိခဲ့တဲ့ ၂၂ ဒသမ ၈ ရာခိုင်နှုန်းထက်ကို သိသိသာသာ အားကောင်းလာခဲ့တာပါ။
ဒါ့အပြင် မဲရုံပေါက်ဝ လူထုစစ်တမ်းနှစ်ခုအရ ဆိုရင်လည်း ဆဂူရူဟာ ၆၇ ကနေ ၇၃ ရာခိုင်နှုန်းကြား ရရှိနိုင်ပြီး ဗန်တူရာက ၂၇ နဲ့ ၃၃ ရာခိုင်နှုန်းကြား ရလဒ်ကို ပိုင်ဆိုင်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။
မကြာသေးတဲ့ ရက်ပိုင်းအတွင်း ပေါ်တူဂီနဲ့ စပိန်နိုင်ငံမှာ မုန်တိုင်းတိုက်ခတ်တာမျိုးတွေ ရှိခဲ့ပေမဲ့လည်း မဲလာပေးသူတွေအပေါ် တားဆီးနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။
ဒါကြောင့် ဇန်နဝါရီ ၁၈ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ပထမအကျော့မှာ ရလဒ်ပြတ်သားခြင်း မရှိခဲ့တဲ့အလျောက် ဒုတိယအကျော့ကို ဖေဖော်ဝါရီ ၈ ရက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
တချိန်တည်းမှာ ဗန်တူရာဟာ သမ္မတရွေးကောက်ပွဲရဲ့ ဒုတိယအကျော့အထိ တက်လှမ်းနိုင်ခဲ့တဲ့ ပထမဆုံးသော လက်ယာစွန်းဝါဒီလည်း ဖြစ်ပါတယ်။
ဒါဟာ ပေါ်တူဂီ အပါအဝင် ဥရောပတိုက် အနှံ့အပြားမှာ လက်ယာစွန်းဝါဒက ဘယ်လောက်လွှမ်းမိုးနေပြီလဲ ဆိုတာကို ထင်ဟပ်နေတယ်ဆိုပြီး ဖော်ပြထားပါတယ်။
ပေါ်တူဂီနိုင်ငံရေးမှာ အဓိကျတဲ့ ကွန်ဆာဗေးတစ်ဝါဒီတွေကတော့ လက်ယာစွန်းသမ္မတ တက်လာမှာထက်စာရင် လက်ဝဲယိမ်းကိုယ်စားလှယ်ကိုသာ ထောက်ခံဖို့အတွက် ဆုံးဖြတ်ခဲ့ကြတာပါ။
ပေါ်တူဂီသမ္မတရာထူးဟာ အုပ်ချုပ်ရေးအာဏာမရှိဘဲ အဆောင်အယောင်သဘောမျိုးသာ ဖြစ်ပေမဲ့လည်း အရေးကြီးတဲ့ လုပ်ပိုင်ခွင့်တချို့တော့ ပိုင်ဆိုင်ထားပါတယ်။
လာမဲ့ မတ်လ အစောပိုင်းမှာ သမ္မတတာဝန်ယူရဖို့ရှိနေတဲ့ ဆဂူရူက ဗီတိုအာဏာနဲ့ ဥပဒေတွေကို ပယ်ချတာ၊ လွှတ်တော်ဖျက်သိမ်းတာနဲ့ ရွေးကောက်ပွဲ အချိန်စောခေါ်တာ စတဲ့ လုပ်ပိုင်ခွင့်တွေအရ အစိုးအဖွဲ့အပေါ် ထိန်းကြောင်းနိုင်မှာ ဖြစ်ပါတယ်။
Source: Reuters










