
ရုရှားက ယူကရိန်းကို တိုက်ခိုက်လို့ ပိုလန်နိုင်ငံရဲ့ လေပိုင်နက်အတွင်း မြောက်အတ္တလန္တိတ် စစ်ရေး မဟာမိတ်အဖွဲ့ NATO ရဲ့ လေယာဉ်တွေ ပျံသန်းမှုအပါအဝင် စစ်ဘက်ဆိုင်ရာ လေကြောင်းစစ်ဆင်ရေးတွေကို ရပ်ဆိုင်းလိုက်တယ်လို့ အာဏာပိုင်တွေက ပြောအပြီးမကြာခင် ပိုလန်နိုင်ငံက လက်ပ်ဘလင်နဲ့ ဇက်ဇို့ဗ် လေဆိပ်ကို ဖေဖော်ဝါရီ ၇ ရက်မှာ ပြန်ဖွင့်လိုက်ပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုက ပိုလန်လေပိုင်နက်ကို မချိုးဖောက်ခဲ့ဘူးလို့ ပိုလန်စစ်တပ်ရဲ့ စစ်ဆင်ရေးဌာနချုပ်က ပြောပါတယ်။
“ဒီနေ့ ပိုလန်လေပိုင်နက်တွေ ဘေးကင်းတာ သေချာစေဖို့ လေယာဉ်တွေက ကူညီပေးခဲ့တဲ့အတွက် NATO နဲ့ ဂျာမန်လေတပ်ကို ကျေးဇူးတင်တယ်” လို့လည်း X လူမှုမီဒီယာပလက်ဖောင်းမှာ ပို့စ်တခု တင်ပြီး ပြောခဲ့ပါတယ်။
“ရုရှားဖက်ဒရေးရှင်းရဲ့ ယူကရိန်းအပေါ် တိုက်ခိုက်မှုတွေနဲ့ဆက်စပ်ပြီး ကျနော်တို့ရဲ့ လေပိုင်နက်အတွင်း စစ်ရေးလေကြောင်းလုပ်ငန်းတွေ ရပ်သွားပါပြီ။ မြေပြင်အခြေစိုက် လေကြောင်းကာကွယ်ရေးနဲ့ ရေဒါထောက်လှမ်းရေးစနစ်တွေလည်း ပုံမှန်လုပ်ငန်းလည်ပတ်မှု အဆင့်တွေဆီ ပြန်ရောက်နေပါပြီ” လို့ စစ်ဆင်ရေးဌာနချုပ်က ထပ်ပြောခဲ့ပါတယ်။
ရုရှားက ယူကရိန်းအနောက်ပိုင်းက ဓာတ်အားပေးစက်ရုံတွေ အပါအဝင် ယူကရိန်းရဲ့ စွမ်းအင်စက်ရုံတွေကို ညလုံးပေါက် အကြီးအကျယ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက ဖေဖော်ဝါရီ ၇ ရက်မှာ ပြောပါတယ်။
ပိုလန်စစ်ရေးစစ်ဆင်ရေးဟာ ကြိုတင်ကာကွယ်မှု သဘောသဘာဝရှိပြီး ခြိမ်းခြောက်ခံရတဲ့ ဒေသတွေနဲ့ ကပ်လျက်ဒေသတွေက လေပိုင်နက်ကိုလုံခြုံစေဖို့နဲ့ ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ပိုလန်စစ်တပ်က အစောပိုင်းမှာ ပြောခဲ့ပါတယ်။
ပိုလန်နိုင်ငံ အရှေ့တောင်ပိုင်းက လေဆိပ်နှစ်ခုစလုံးက ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ယာယီရပ်ဆိုင်းထားတယ်လို့ ပိုလန်လေကြောင်းလမ်းညွှန် ဝန်ဆောင်မှုအေဂျင်စီက အစောပိုင်းမှာ ပြောခဲ့ပါတယ်။
Source: Reuters











