
စစ်ကောင်စီက ပြည်ပတင်သွင်းကုန်တွေ ပိတ်ထားတာကြောင့် မြန်မာပြည်တွင်းမှာ ကိုကာကိုလာအချိုရေ၊ ကြောင်စာနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကစလို့ ပြည်ပက တင်သွင်းရတဲ့ပစ္စည်းတွေ ပြတ်လပ်နေတဲ့အကြောင်း The Washington Post သတင်းဆောင်းပါးတပုဒ်မှာ ဖော်ပြပါတယ်။
ဒါဟာ အခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်မြို့ရဲ့ လက်ရှိအခြေအနေကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ နိုင်ငံခြားသတင်းထောက်တယောက်ရဲ့ ရေးသားချက်ဖြစ်ပြီး ရန်ကုန်မြို့မှာ ပွင့်ပွင့်လင်းလင်း တိုင်တန်းပြောဆိုနိုင်တဲ့အရာ အနည်းငယ်သာ ရှိတဲ့အကြောင်းနဲ့ စတင်ထားတာပါ။
မြန်မာစစ်အာဏာပိုင်တွေက မြို့တော်ကို အနီးကပ်စောင့်ကြည့် အုပ်ချုပ်နေကြပြီး လက်ဖက်ရည်ဆိုင်တွေနဲ့ အငှားယာဉ်တွေပေါ်မှာ သတင်းပေးတွေ လျှို့ဝှက် ထောက်လှမ်းနေကြသလို တရုတ်လုပ် CCTV စောင့်ကြည့်ရေးကင်မရာတွေက လမ်းဆုံလမ်းခွတွေမှာ ထူးခြားတဲ့လှုပ်ရှားမှုရှိမရှိ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ အဆိုအရ စစ်အုပ်စုကို ဝေဖန်တယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီးခံထားရသူတွေကြောင့် အကျဉ်းထောင်တွေထဲ အပတ်စဉ် ပိုမိုကျပ်ညပ်လာနေတယ် လို့လည်း ကိုးကားဖော်ပြပါတယ်။
လက်ရှိအချိန်အထိ မြို့တော်ထဲ အသက်ရှင်ကျန်ရစ်သူတွေဟာ ဝေဖန်စကားပြောတာက အကျိုးမရှိကြောင်း သိကြပေမဲ့ စိတ်ပျက်စရာကောင်းလှတဲ့ မကျေနပ်ချက်တခုကို တွေ့လာရပြီး ဒါကတော့ “သွင်းကုန်ကန့်သတ်ချက်တွေ” ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ နယ်ပယ်အသီးသီးမှာ သူတို့ကို ပြန်လည်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကို နှိမ်နင်းဖို့အတွက် ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ နိုင်ငံခြားကုန်စည် စီးဝင်မှုကို သိသိသာသာ တင်းကျပ်ခဲ့တာပါ။
အဆိုပါကန့်သတ်ချက်တွေက နိုင်ငံရဲ့ အကြီးဆုံးမြို့တော်နဲ့ စီးပွားရေးအချက်အခြာဖြစ်တဲ့ ရန်ကုန်ကို အသက်ရှူကျပ်စေခဲ့သလို ဆိုင်ရှင်တွေ၊ သံတမန်တွေကစလို့ တက္ကစီမောင်းသမားတွေ၊ ကုလသမဂ္ဂ တာဝန်ရှိသူတွေအထိ လူတိုင်းမှာ ကိုယ်စီ ပြောစရာ ဇာတ်လမ်းတွေ ဖြစ်လာစေခဲ့ပါတယ်။
စက်ရုံတွေအနေနဲ့ ကုမ္ပဏီရဲ့ မူပိုင်ဖော်မြူလာတွေကို ပြည်ပကနေ မတင်သွင်းနိုင်တာကြောင့် ကိုကာကိုလာအချိုရေ ပြတ်လပ်မှုတွေ ရှိနေသလို တချို့သော KFC ကြက်ကြော်ဆိုင်တွေမှာ ဆော့စ်ထုပ်တွေ ပြတ်လပ်သွားပြီးနောက် ဒေသတွင်းထုတ် ဆော့စ်အမျိုးမျိုးကို ပလတ်စတစ်အိတ်ငယ်တွေနဲ့ စတင်ပေးဝေနေရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် လက်သည်းဖျက်ဆေး၊ မျက်ကပ်မှန်ဆေးရည်၊ ကြောင်စာ၊ ဒါမှမဟုတ် အမျိုးသမီးလစဉ််သုံးပစ္စည်းတွေ ရရှိဖို့အတွက် ရှားရှားပါးပါး နိုင်ငံတွင်း လာရောက် လည်ပတ်သူတွေဆီကတဆင့် တောင်းဆိုယူရတဲ့ နည်းလမ်းတခုသာ ရှိတော့တယ်လို့ လူတွေ ပြောကြပါတယ်။
တဆေး တပေါင်ကို အရင်က မြန်မာကျပ်ငွေ ၂,၀၀၀ လောက်သာ ရှိခဲ့ပေမဲ့ အခုလက်ရှိမှာတော့ မှောင်ခိုဈေးကွက်မှာ အဆိုပါဈေးထက် ၁၀ ဆလောက် ထိုးတက်သွားပြီလို့ ကုန်ခြောက်သည်တယောက်က ပြောပါတယ်။
မြန်မာစစ်တပ်က အကြမ်းဖက်အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့အချိန် ၅ နှစ်ကတည်းက ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းကြားထိ ရှိနေခဲ့တာပါ။
ရန်ကုန်မြို့ခံတွေကတော့ မြို့တော်ဟာ နိုင်ငံရဲ့ ဆိုးရွားလှတဲ့ ဆင်းရဲဒုက္ခတွေက ကင်းလွတ်နေတဲ့ ပူဖောင်းတခုဖြစ်ကြောင်း ပြောပြကြသလို တဆက်တည်းမှာပဲ ကုန်စုံပစ္စည်းဈေးနှုန်း၊ ဆေးဝါးနဲ့ လျှပ်စစ်မီး အခြေအနေတွေကို ညည်းတွားကြကာ ဒီစိတ်ပျက်မှုတွေက မြန်မာနိုင်ငံမှာ အခြေကျနေပြီး ပိုမိုနက်ရှိုင်းတဲ့ ခံစားချက်ဖြစ်တဲ့ “ပန်းတိုင်မမြင်ရသော မောပန်းနွမ်းနယ်မှု” ရဲ့ အစိတ်အပိုင်းတခု ဖြစ်လာနေတဲ့အကြောင်း သတင်းဆောင်းပါးထဲမှာ ရေးသားဖော်ပြပါတယ်။
ဒါ့အပြင် လတ်တလောမှာ အမေရိကန် အပါအဝင် နိုင်ငံတကာရဲ့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် ထောက်ခံမှုတွေက လျော့နည်းလာနေပြီး ရန်ကုန်မြို့တော်လို နေရာမျိုးမှာ စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားနိုင်မဲ့ အလားအလာကလည်း ဝေးကွာနေသလို ခံစားနေရတာကြောင့် လူအများအပြား နိုင်ငံတွင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းနေကြသလို ထွက်ခွာမရသူတွေဟာလည်း နေ့စဉ်ဘဝရဲ့ ဖိအားတွေကို လျော့ပါးစေမဲ့ ဘယ်လိုအပြောင်းအလဲကိုမဆို အသည်းအသန် လိုလားနေကြတာပါ။
ဒီအခြေအနေအကြောင်းအရာတွေနဲ့ ပတ်သက်လို့ အသက် ၄၄ နှစ်အရွယ် ကုန်သည်တယောက်က “ဒါတွေ တော်ပါပြီ” လို့ ပြောလိုက်ပြီး တခြားဒေသခံတွေလိုပဲ သူဟာ လက်တုံ့ပြန်ခံရမှာကို စိုးရိမ်တာကြောင့် အမည်မဖော်ပြဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့လယ်က သူ့ရုံးခန်းတွင်းကနေ စစ်တပ်က ပိတ်ထားတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို မြေပုံပေါ် လက်ညှိုးထိုးပြရင်း စိတ်ပျက်လက်ပျက် ပြောဆိုလိုက်တာပါ။
သူ့မှာ တရုတ်နိုင်ငံထဲ ပိတ်မိနေတဲ့ လျှပ်စစ်ပစ္စည်း ကွန်တိန်နာ ၅ လုံးရှိနေပြီး စစ်ကောင်စီက သွင်းကုန်လိုင်စင် ထုတ်မပေးတာကြောင့် တင်သွင်းမရဖြစ်နေတယ်လို့ ပြောပါတယ်။
“နိုင်ငံရေးက နိုင်ငံရေးပေါ့၊ စီးပွားရေးကို အရင်ပြင်ပေးပါ” လို့ သူက ဒေါသတကြီး ပြောလိုက်သလို “လူတွေ အသက်ရှင်ဖို့ လိုတယ်။ ကျနော့်ဆီမှာ အလုပ်သမား ၅၀ ကျော်ရှိတယ်။ သူတို့ စားဖို့လိုသလို သူတို့သားသမီးတွေလည်း စားဖို့ လိုတယ်လေ” လို့ ပြောပါတယ်။
ရွေးကောက်ပွဲမတိုင်မီတုန်းက လုံခြုံရေးကျွမ်းကျင်သူတွေ၊ သံတမန်တွေ အပါအဝင် မြန်မာ့အရေး လေ့လာသုံးသပ်သူတွေက စစ်တပ်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ မြင့်တက်လာမယ်လို့ ခန့်မှန်းခဲ့ကြပြီး တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီ ကိုယ်စားလှယ်လောင်းတွေကို လုပ်ကြံတာ၊ မဲရုံတွေကို ဗုံးပစ်တာ၊ ဒါမှမဟုတ် မဲပုံးသယ်ဆောင်တဲ့ စစ်ယာဉ်တန်းတွေကို တိုက်ခိုက်တာမျိုးတွေ ပြုလုပ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ မဲပေးမှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီးတဲ့တိုင် တိုက်ခိုက်မှု အနည်းငယ်သာ ရှိခဲ့သလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်မြို့က မဲရုံတွေမှာ လွတ်လပ်စွာ လမ်းလျှောက်သွားလာနိုင်ခဲ့တယ်လို့လည်း ထောက်ပြ ရေးသားထားပါတယ်။
ထိုင်းအခြေစိုက် ISP-Myanmar အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကတော့ “အခြေအနေတွေ ဖြစ်ပျက်ပုံအရ စစ်တပ်ဟာ တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ အများကြီး ရထားပုံရတယ်။ သူတို့ ပိုပြီး ယုံကြည်ချက်ရှိလာဖို့ အကြောင်းပြချက်ရှိသွားပြီ” လို့ ပြောပါတယ်။
ဒါ့အပြင် သတင်းဆောင်းပါးရှင်ရဲ့ မြန်မာနိုင်ငံ ၇ ရက်တာ ခရီးစဉ်အဆုံးမှာ စက်ဘီးနဲ့ စက်ဘီးအပိုပစ္စည်းရောင်းတဲ့ ကုန်သည်တယောက်နဲ့လည်း တွေ့ဆုံခဲ့သလို သူ့ရဲ့သွင်ပြင်ဟာ မောပန်းနွမ်းနယ်နေပုံပေါ်နေတယ်လို့ ပုံဖော် ရေးသားထားပါတယ်။
သွင်းကုန်လိုင်စင်ရဖို့ အချိန် ၅ လကြာ စောင့်ခဲ့ရကြောင်း သူက ပြောသလို ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် ကုန်စည်တွေ တင်သွင်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ မကြာသေးမီက ကုန်စည်အားလုံးနီးပါးကို စစ်တပ်အာဏာပိုင်တွေက သိမ်းဆည်းခဲ့တယ်လို့ သူက ပြောပါတယ်။
“အနည်းဆုံးတော့ ဝယ်လိုအားကလည်း သိပ်မရှိတော့ပါဘူး” လို့ သူက ရယ်မောရင်း ပြောလိုက်သလို အာဏာမသိမ်းမီကတော့ တရက်ကို စက်ဘီး ၁၀ စီးနီးပါး ရောင်းရပေမဲ့ အခုကတော့ တစီးမှ မရောင်းရတဲ့ ရက်တွေလည်း ရှည်လျားစွာ ရှိနေတတ်တယ်လို့ ဆိုပါတယ်။
ရေဘက္ကာတန်
Ref: The Washington Post
(အမေရိကန်အခြေစိုက် The Washington Post သတင်းစာတွင် Rebecca Tan ရေးသားထားသည့် “Coca-Cola, cat food and tampons missing under Myanmar’s military government” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုပြန်လည်ဖော်ပြသည်။)











