DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် နိုင်ငံခြားဖြစ် အရက်တင်သွင်းခွင့် လေလံခေါ်
DVB
·
July 22, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ နိုင်ငံခြားဖြစ် အရက်တွေ တင်သွင်းနိုင်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အရက်ထိန်းချုပ်ရေးဘုတ်အဖွဲ့က လေလံခေါ်ယူနေတယ်လို့ သိရပါတယ်။

နိုင်ငံခြားအရက် တင်သွင်းခွင့်လိုင်စင် လျှောက်လွှာတွေကို ဇူလိုင် ၂၀ ရက်ကတည်းက တစောင်ကို ကျပ်ငွေ ၃၀,၀၀၀ နှုန်းနဲ့ ရောင်းချပေးနေပြီး နိုင်ငံခြားအရက်တင်သွင်းမဲ့ ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဩဂုတ် ၂၀ ရက် နောက်ဆုံးထားပြီး ဗဟိုအုပ်ချုပ်ရေးဌာန ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွေမှာ လာရောက်လျှောက်ထားနိုင်တယ်လို့ ULA နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

လက်ရှိမှာ အရက်ထိန်းချုပ်ရေးဘုတ်အဖွဲ့က လေလံတင်မဲ့ နိုင်ငံခြားအရက်တင်သွင်းခွင့်လိုင်စင်ကို ရခိုင်တပြည်လုံးအတွက် ကုမ္ပဏီတခု (သို့မဟုတ်) လူပုဂ္ဂိုလ်တယောက်တည်းကို တဦးတည်း ကိုယ်စားလှယ် ခွင့်ပြုပေးမှာလား၊ ဒါမှမဟုတ် ခရိုင်အလိုက် ကုမ္ပဏီတွေ (သို့မဟုတ်) လူပုဂ္ဂိုလ်တွေကို ခွဲဝေပြီး တင်သွင်းခွင့်လိုင်စင် ချပေးမှာလား ဆိုတာ သဲသဲကွဲကွဲ မသေးရသေးဘူးလို့ ကုန်သည်တွေက ပြောပါတယ်။

အရက်တင်သွင်းနေတဲ့ ကုန်သည်တယောက်က “လေလံလျှောက်လွှာတွေ စရောင်းနေတယ်လို့ ကြားရတယ်။ ဘယ်လိုလေလံမျိုးနဲ့ ရောင်းချသွားမယ်ဆိုတာ မသိရသေးဘူး။ တဦးတည်း ကိုယ်စားလှယ်အဖြစ် ရောင်းချသွားမှာလား၊ ခရိုင်အလိုက် ခွဲပြီး လေလံတွေ ရောင်းချသွားမှာလား ဆိုတာ မသိရသေးဘူး။ တချို့ ကုန်သည်တွေ၊ ကုမ္ပဏီတွေကတော့ စိတ်ဝင်စားမှုရှိနေကြတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက နိုင်ငံခြားဖြစ် အရက်တွေကို တင်သွင်းရောင်းချခွင့်၊ သောက်သုံးခွင့်တွေကို ပိတ်ပင်ထားတာဖြစ်ပြီး ၂၀၂၆ ခုနှစ် သင်္ကြန်ကာလ ဧပြီလမှာ နိုင်ငံခြားအရက် တင်သွင်းခွင့်ကို အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံပြီး ရက်အနည်းငယ် ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ နိုင်ငံခြားအရက်တင်သွင်းခွင့် လေလံ ကျင်းပသွားမဲ့နေ့ကို တရားဝင် ကြေညာထားတာမျိုး မရှိသေးဘဲ နီးစပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွေမှာ စုံစမ်းနိုင်တယ်လို့ အရက်ထိန်းချုပ်ရေးဘုတ်အဖွဲ့ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

သင်္ကြန်ကာလက နိုင်ငံခြားဖြစ် အရက်တွေကို အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံခဲ့တာကြောင့် နိုင်ငံခြားဖြစ် အရက်၊ ဘီယာဈေးနှုန်းတွေဟာ ပြည်မဒေသတွေထက် ၃ ကနေ ၅ ဆအထိ မြင့်တက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရက်ထိန်းချုပ်ရေးဘုတ်အဖွဲ့က လေလံခေါ်နေတဲ့ နိုင်ငံခြားဖြစ် အရက်တင်သွင်းခွင့်မှာ စစ်အာဏာရှင်အုပ်စုက ထုတ်ဝေတဲ့ ဦးပိုင်ထုတ် အရက်တွေ၊ ဘီယာတွေကိုတော့ တင်သွင်းခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်မှာ နိုင်ငံခြားဖြစ်အရက်တွေ ရောင်းချခွင့်နဲ့ သောက်သုံးခွင့် ပိတ်ပင်လိုက်ပြီးနောက် ဒေသထွက် ဆန်အရက်တွေကို အဓိက သောက်သုံးနေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013