
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် မိန်းမငယ်တယောက်ကို ရိုက်နှက်ပြီး မုဒိမ်းကျင့်သူ ဖမ်းမိပြီးနောက် ရဲလက်က ထွက်ပြေးလွတ်မြောက်သွားလို့ ကာယကံရှင် မိန်းကလေးအတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မေ ၇ ရက် မနက်က ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတယောက် လက်ဖက်ခြံထဲသွားစဥ် တရွာတည်းနေ မောင်တူး ဆိုသူက ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“မုဒိမ်းကျင့်တဲ့ကောင်က အသက် ၄၀ လောက်ရှိတယ်။ ကိုယ့်သမီးအရွယ်ကို တိရစ္ဆာန်တကောင်လို ရိုက်နှက်ပြီး မုဒိမ်းကျင့်တယ်။ ရဲတွေရော၊ ဒေသခံတွေရော လိုက်ဖမ်းတာ မိသွားတယ်။ ရဲလက်ထဲရောက်မှ လွတ်သွားတယ်။ မုဒိမ်းသမား လွတ်သွားတော့ ကာယကံရှင် ကလေးမလေးက ကြောက်နေတယ်။ သူ့ကို အန္တရာယ်လာမှာစိုးလို့။”
ပြစ်မှုကျူးလွန်သူကို မေ ၉ ရက်မှာ ဒေသခံတွေနဲ့ ရဲတွေက ဖမ်းမိခဲ့ပြီးနောက် မောင်တူးကို စစ်ဆေးရာ ဝန်ခံခဲ့ပြီး ရွာငံဆေးရုံမှာ ဆေးစစ်ချက်ယူနေစဥ် ထွက်ပြေးသွားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ရဲတွေနဲ့ ဆေးရုံသွားပြီး ဆေးစစ်ချက်ယူမှ လွတ်သွားတာဆိုတော့ ရဲတွေမှာပဲ တာဝန်ရှိတယ်။ အဲဒီ မုဒိမ်းသမားက ကောင်မလေးကို ရိုက်တာအပြင် မုဒိမ်းကျင့်တဲ့ကိစ္စပြန်ပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတော့ အဲ့ကောင်မလေးလည်း ရှောင်တိမ်းနေရတယ်။”
ပြစ်မှုကျူးလွန်သူ မောင်တူးကို ရွာငံမြို့မရဲစခန်းက (ပ)အမှတ် ၆၇/၂၀၂၆ ပုဒ်မ ၃၂၃၊ ၃၇၆ အမှုဖွင့်ထားပေမဲ့ လက်ရှိအချိန်ထိ ပြန်လည်ဖမ်းဆီးရမိတာ မရှိကြောင်း မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ရွာငံမြို့နယ်မှာ သက်ငယ်မုဒိမ်းမှု ၄ မှု ဖြစ်ခဲ့ပြီး ၂ မှုကိုသာ ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပြီး ၂ မှုမှာ ပြစ်မှုကျူးလွန်သူ ထွက်ပြေးလွတ်မြောက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။










