DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများအတွက် EU က ယူရိုငွေ ၆၃ သန်း ကူညီမည် 
DVB
·
February 4, 2026
မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများအတွက် EU က ယူရိုငွေ ၆၃ သန်း ကူညီမည် 
Donate to DVB

မြန်မာနိုင်ငံအကျပ်အတည်းနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် သက်ရောက်မှုတွေကို တုံ့ပြန်လုပ်ဆောင်ဖို့ ယူရိုငွေ ၆၃ သန်း ထောက်ပံ့ပေးအပ်လိုက်တဲ့အကြောင်း  မြန်မာနိုင်ငံဆိုင်ရာ ဥပရောပသမဂ္ဂ (EU) ရုံးက ထုတ်ပြန်ပါတယ်။

ဥရောပကော်မရှင်ဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်နေရတဲ့ ပြည်သူတွေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီပံ့ပိုးဖို့ လူသားချင်းစာနာမှု အကူအညီအဖြစ် ထောက်ပံ့အပ်တာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှု ၅ နှစ်မြောက် ဝင်ရောက်လာချိန်မှာ ကြေညာခဲ့တဲ့ ဒီရန်ပုံငွေဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှအတွက် ၂၀၂၆ ခုနှစ် EU ရဲ့ ကနဦး ရန်ပုံငွေခွဲဝေမှု တစိတ်တပိုင်းဖြစ်တယ်လို့ သိရပါတယ်။

EU ရဲ့ အရေးပေါ်အခြေအနေများနှင့် အကျပ်အတည်း စီမံခန့်ခွဲရေးဆိုင်ရာ ကော်မရှင်နာ ဟက်ဒ်ဂျလာဘစ်က “မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပြင်းထန်လာခဲ့တာ ၅ နှစ် ပြည့်လာပြီဖြစ်ပြီး  ဥရောပသမဂ္ဂ (EU) ဟာ နိုင်ငံအတွင်းရှိ ပဋိပက္ခဒဏ်ကို အပြင်းထန်ဆုံး တွေ့ကြုံခံစားနေရတဲ့ ပြည်သူလူထုတွေနဲ့ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ဆက်လက် ကူညီပံ့ပိုးသွားမယ်လို့ အတည်ပြု ပြောကြားလိုပါတယ်။ ဒီရန်ပုံငွေ ထောက်ပံ့မှုအသစ်နဲ့ လူသားချင်းစာနာမှု ထောက်ပံ့ရေး မိတ်ဖက်အဖွဲ့အစည်းတွေဟာ အစားအစာ၊ နေရာထိုင်ခင်းက စလို့ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကလေးတွေအတွက် ပညာရေးအထိ အသက်ကယ်အကူအညီတွေ ဆက်လက်ပံ့ပိုးသွားမယ်” လို့ ပြောပါတယ်။

ဒီရန်ပုံငွေတွေထဲက မြန်မာနိုင်ငံအတွက် အခုနှစ် လျာထားတဲ့ ယူရိုငွေ ၃၈ ဒသမ ၆ သန်းကျော်ကို စားနပ်ရိက္ခာနဲ့ အရေးပေါ် အာဟာရပံ့ပိုးမှု၊ အတင်းအကျပ် နေရပ်စွန့်ခွာရသူတွေအတွက် အမိုးအကာတွေ ထောက်ပံ့မှု၊ သန့်ရှင်းတဲ့ရေနဲ့ အညစ်အကြေးစွန့်ပစ်စနစ်၊ ပဋိပက္ခဒေသရှိ ပြည်သူတွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့  မြေမြှုပ်မိုင်းဒဏ် ခံရသူတွေအတွက် ထောက်ပံ့မှုတွေ ပေးသွားမယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် သတ်မှတ်ထားတဲ့ ယူရိုငွေ ၂၃ ဒသမ ၄ သန်းကတော့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းလောက်နဲ့ လက်ခံကူညီပေးထားတဲ့ ဒေသခံလူထုကို ကူညီပံ့ပိုးဖို့ အသုံးပြုမယ်လို့ သိရပါတယ်။

ဒါ့အပြင်  မြန်မာနိုင်ငံအရေးဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ်ပါ သက်ရောက်မှုရှိလို့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ အိုးအိမ်စွန့်ခွာ ဒုက္ခသည်တွေနဲ့ လက်ခံကူညီပေးထားတဲ့ ဒေသခံလူထုကို ကူညီဖို့ ယူရိုငွေ ၁ သန်း ထပ်ဆောင်း ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီအကူအညီတွေအားလုံးဟာ  အပြည်ပြည်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့အစည်းတွေ (INGOs) နဲ့ ကုလသမဂ္ဂ အေဂျင်စီတွေလို မိတ်ဖက်အဖွဲ့အစည်းတွေကနေ တဆင့် ပေးအပ်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၅ နှစ်အတွင်း လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်တွေ သိသိသာသာ မြင့်တက်လာခဲ့ပြီး အတင်းအကျပ် နေရပ်စွန့်ခွာရသူတွေ ၃ ဒသမ ၆ သန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံပဋိပက္ခမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေ အားလုံးအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာကြဖို့နဲ့ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အခြေခံဝန်ဆောင်မှုတွေ ရရှိနိုင်စေဖို့ သေချာစေရေးအတွက် ဥရောပသမဂ္ဂက  ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013