
ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့ရှိ စီးပွားရေးအဆောက်အအုံတခုရဲ့ ကားပါကင်ဧရိယာက မီးလောင်မှု ကို မီးသတ်သမားတွေက မြန်မြန်ဆန်ဆန် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူ တယောက်က ဖေဖော်ဝါရီ ၂ ရက်မှာ ပြောပါတယ်။
ကရာချိမြို့တောင်ပိုင်းရှိ စီးပွားရေးအဆောက်အအုံတခုရဲ့ ၇ ထပ် မြောက်မှာရှိတဲ့ ကားပါကင် အတွင်း ကားတစီးကနေ စတင် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး တခြားယာဉ် ၂ စီးကို ကူးစက်သွားတာ ဖြစ်တယ်လို့ ကရာချိတောင်ပိုင်း ဒုတိယကော်မရှင်နာ ဂျာဗက်နာဘီခိုဆိုက ပြောပါတယ်။
“အရင်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွေကနေ သင်ခန်းစာအများကြီး ရခဲ့တာကြောင့် ဒီတခေါက်မှာ တော့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့တွေနဲ့ မြို့ပြအရေးပေါ်ဝန်ဆောင်မှု (1122) တို့ဟာ အလွန်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ အဆောက်အအုံအသင်းအဖွဲ့တွေရဲ့ ကူညီမှုနဲ့အတူ အခြေအနေကို အမြန်ဆုံး ထိန်းချုပ်နိုင်ခဲ့တာပါ။”
ကရာချိတောင်ပိုင်း ဒုတိယကော်မရှင်နာ ဂျာဗက်နာဘီ ခိုဆိုက “မီးကိုလည်း ထိန်းချုပ်နိုင်ခဲ့ပြီး အအေးခံတဲ့ လုပ်ငန်းစဉ်လည်း ပြီးဆုံးသွားပါပြီ။ ကယ်ဆယ်ရေး လုပ်ငန်းလည်း ပြီးဆုံးသွားပြီး အဲဒီမှာရှိနေတဲ့ လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီးပါပြီ။ ဒါကြောင့် အရာအားလုံးကို ထိန်းချုပ်နိုင်ခဲ့ပါပြီ”လို့ ပြောပါတယ်။
တနင်္လာနေ့က မီးလောင်မှုဟာ ဇန်နဝါရီ ၁၇ ရက်က ကလေးအဝတ်အထည်၊ အရုပ်၊ ပန်းကန်ခွက်ယောက်နဲ့ အိမ်သုံးပစ္စည်းတွေ ရောင်းချတဲ့ မိသားစုပိုင် ဆိုင်ပေါင်း ၁,၂၀၀ ပါဝင်တဲ့ ဂူလ် ပလာဇာ ကို ပြာကျစေခဲ့တဲ့ ၂ ရက် နီးပါးကြာ မီးလောင်မှုအပြီးမှာ ဖြစ်ပွားခဲ့တာပါ။
ဂူလ်ပလာဇာဈေးဝယ်စင်တာ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၆၇ ယောက် သေဆုံးပြီး ၁၅ ယောက် ကျော် ပျောက်ဆုံးနေတုန်း ဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်ဆိုးကြောင့် မြို့တော်ရဲ့ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေနဲ့ စီမံခန့်ခွဲမှုပိုင်း အပေါ် တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေကို ပိုပြီးလုပ်ဆောင်လာခဲ့ပါတယ်။
အခုတခေါက်မှာ တာဝန်ရှိသူတွေဟာ ပိုပြီးမြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ခဲ့လို့ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုကို ရှောင်လွှဲနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source:Reuters










