
နော်ဝေနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသမီး မက်တာမာရိတ်ဟာ ပေါင်းသင်းဆက်ဆံရေးမှာ ဆင်ခြင်မှုအားနည်းခဲ့တယ်လို့ နော်ဝေဝန်ကြီးချုပ် ယိုးနာ့စ်ဂါးစတိုရေ့က ဖေဖော်ဝါရီ ၂ ရက်က ပြောလိုက်ပါတယ်။
နော်ဝေမင်းသမီး မက်တာမာရိတ်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ အမေရိကန် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်းနဲ့ အဆက်အသွယ်ရှိခဲ့ကြောင်း သတင်းအချက်အလက်သစ်တွေ ထွက်ပေါ်လာပြီးနောက် အခုလိုပြောလိုက်တာပါ။
အမေရိကန် တရားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းဖိုင်အသစ်တွေထဲမှာ နော်ဝေမင်းသမီး မက်တာမာရိတ်နဲ့ အက်ပ်စတိန်းတို့အကြား အပြန်အလှန် အီးမေးလ်ဆက်သွယ်မှုတွေ အများအပြား ပါဝင်နေပြီး အက်ပ်စတိန်းက ၂၀၀၈ ခုနှစ်မှာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာပြစ်မှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက်ချခံပြီးနောက်ပိုင်းအထိ အဲဒီဆက်သွယ်မှုတွေ ဆက်ရှိနေခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဲဒီဖိုင်တွေ ထွက်ပေါ်လာပြီးနောက် စနေနေ့မှာ အိမ်ရှေ့မင်းသမီးဟာ သူ့လုပ်ရပ်အတွက် လူသိရှင်ကြား တောင်းပန်ခဲ့ပြီး သူ့မှာ ဆင်ခြင်မြော်မြင်မှု အားနည်းခဲ့တယ်လို့ ပြောပါတယ်။
တနင်္လာနေ့မှာ ဝန်ကြီးချုပ်ကလည်း အိမ်ရှေ့မင်းသမီးရဲ့ ပြောကြားချက်ကို ထောက်ခံကာ သူ့အနေနဲ့လည်း အမြင်သဘောထားတူကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တော်ဝင်နန်းတော်နဲ့ ဆက်သွယ်ထားခြင်း ရှိ မရှိ မေးမြန်းရာမှာ ဝန်ကြီးချုပ် စတိုရေ့က ဘာဆက်သွယ်မှုမျှ မရှိခဲ့ကြောင်း ပြန်လည်ဖြေကြားပါတယ်။
ဝန်ကြီးချုပ် စတိုရေ့က အက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းဖိုင်အသစ်တွေမှာအမည်ဖော်ပြခံထားရတဲ့ အိမ်ရှေ့မင်းသမီး အပါအဝင် နော်ဝေရဲ့ လူသိများသူတွေလည်း သူတို့ရဲ့ ဆက်စပ်မှု အသေးစိတ်အချက်အလက်တွေကို ပိုပြီးရှင်းရှင်းလင်းလင်း ဖော်ပြသင့်ကြောင်းလည်း ထပ်မံပြောဆိုခဲ့ပါတယ်။
အခု ဒီလို စာရွက်စာတမ်းအသစ်တွေ ထွက်ပေါ်လာချိန်ဟာ နော်ဝေတော်ဝင်မိသားစုအတွက် စိန်ခေါ်မှုတွေ များပြားနေချိန်လည်း ဖြစ်ပါတယ်။
အိမ်ရှေ့မင်းသား ဟောကွန်နဲ့ လက်မထပ်ရသေးခင် အိမ်ရှေ့စံမင်းသမီး မက်တာမာရိတ်ရဲ့ အရင်အိမ်ထောင်နဲ့မွေးဖွားတဲ့ သားဖြစ်သူ မာရီယပ်စ်ဟာ မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ ဖေဖော်ဝါရီ ၃ ရက်မှာ စတင် ရုံးထုတ်စစ်ဆေးခံရမှာ ဖြစ်ပါတယ်။
Source: Reuters










