DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ကိုရော တော်လှန်အစိုးရကိုပါ သရော်ထောက်ပြသည့် ဇင်းမယ်မြေက သံချပ်သံ
DVB
·
February 3, 2026
စစ်အာဏာရှင်ကိုရော တော်လှန်အစိုးရကိုပါ သရော်ထောက်ပြသည့် ဇင်းမယ်မြေက သံချပ်သံ
1 / 4
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရောက် မြန်မာလူငယ်တွေက အာဏာသိမ်း ၅ နှစ်ပြည့် လှုပ်ရှားမှုအဖြစ် ‘ဇင်းမယ်သံချပ်’ ဆိုတဲ့အမည်နဲ့ သံချပ်ထိုးပြီး စစ်အာဏာရှင်ကိုရော၊ တော်လှန်ရေးအစိုးရရဲ့ အားနည်းချက်တွေကိုပါ သရော်ပြီး ထောက်ပြခဲ့ကြပါတယ်။

သေနတ်ထောက်ပြီး ခြိမ်းခြောက်နေတာ၊ ကမ္ဘာ၊ UN၊ အာဆီယံ ဘယ်နိုင်ငံမှ လက်မခံဘူး…

အာဏာသိမ်းစစ်အုပ်စုကို တော်လှန်နေတဲ့ လူငယ်တစုဟာ အာဏာသိမ်း ၅ နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး သရုပ်သကန်အဖြစ် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ သံချပ်ထိုးခဲ့ကြပါတယ်။

ဒီသံချပ်ထိုးတဲ့အဖွဲ့ဟာ ရှေးမြန်မာရာဇဝင်မှာ ဇင်းမယ်လို့ လူသိများခဲ့တဲ့ ချင်းမိုင်မြို့မှာ ရောက်ရှိနေတဲ့ လူငယ် တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီး သံချပ်ထိုးတာမို့ ဇင်းမယ်သံချပ် အဖွဲ့ရယ်လို့ အမည်တွင်ပါတယ်။

ဇင်းမယ်သံချပ်အဖွဲ့ဝင် ဂီတစာဆို မောင်သာဝက “ဇင်းမယ်သံချပ်အဖွဲ့ကတော့ ကျနော်တို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ဒီ ကျနော်တို့ လူငယ်တက်ကြွလှုပ်ရှားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။ ကျနော်တို့ မနှစ်က အာဏာသိမ်း ၄ နှစ်ပြည့် လှုပ်ရှားမှာလည်း သံချပ်တခုအနေနဲ့ ပါဝင်ပြီးတော့ ကျနော်တို့ နိုင်ငံရေး၊ တော်လှန်ရေး၊ ပြီးရင် နိုင်ငံရဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ထောက်ပြလိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ သံချပ်ထိုးခဲ့တာတွေ ရှိပါတယ်ခင်ဗျ။ ဒီနှစ်ကတော့ ဒုတိယအကြိမ်ပေါ့နော်” လို့ ပြောပါတယ်။

စစ်အာဏာရှင်တွေနဲ့ အပေါင်းပါတွေ၊ စစ်အာဏာရှင်တွေ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ မြန်မာလူ့အသိုက်အဝန်းက လွဲမှားနေတဲ့ အဖြစ်အပျက်တွေ၊ အကျင့်ပျက်ခြစားမှုတွေကို သရော်ပြီး ထောက်ပြတဲ့ အကြောင်းအရာတွေကို သံချပ်ထိုးခဲ့တာလည်း ဖြစ်ပါတယ်။

ဇင်းမယ်သံချပ်အဖွဲ့ဝင် ခင်ခင်ကြီးက “ကျမတို့တွေ ဒီ ၅ နှစ်တာ ကာလအတွင်းမှာ ကြုံခဲ့ရတာတွေ၊ ကျော်လွှားခဲ့ရတာတွေ အများကြီးပဲ ရှိတယ်ပေါ့နော်။ အဲဒီကမှ ဒီလိုမျိုး တလရ ဘက်ကရော၊ နောက်ပြီး စစ်ကောင်စီဘက်ကိုရော၊ ပြီးတော့ ကြားထဲမှာ အများကြီးရှိတဲ့ Third Media တွေရော အကုန်လုံးအပေါ်ကို ပြုပြင်တဲ့ဟာတွေ ကျမတို့တွေ တွေ့မိတဲ့ အမြင်မတော်တာတွေ ဒါတွေကိုပဲ ပြောပြချင်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီ ဇင်းမယ်သံချပ်အဖွဲ့ရဲ့ သံချပ်ထိုးတဲ့ အကြောင်းအရာတွေကတော့ စစ်အာဏာရှင်ကို သရော်တာတွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လိုအပ်ချက်တွေကိုလည်း ထောက်ပြထားပါတယ်လို့ ဇင်းမယ်သံချပ်အဖွဲ့ဝင်တွေက ဆိုပါတယ်။

ဇင်းမယ်သံချပ်အဖွဲ့ဝင် ဂီတစာဆို မောင်သာဝက “ဘာဖြစ်လို့ ဒီစာသားကို ကျနော်တို့ ထည့်သွင်းရေးစပ်ရတာလဲ ဆိုရင် ကျနော်တို့ ဒီတော်လှန်ရေး ၅ နှစ်တာ ကြာလာတာနဲ့အမျှ ကျနော်တို့ တဖက်မှာရှိတဲ့ NUG အစိုးရအနေနဲ့လည်း ကျနော်တို့ တော်လှန်ရေး ဘဏ္ဍာငွေတွေကို စီမံခန့်ခွဲရာမှာလည်း အရမ်းကို သရုပ်ပျက်တဲ့ အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့တယ်။ ပြီးရင် လိင်စော်ကားမှု၊ အဂတိလိုက်စားမှု စသဖြင့် အဲလိုအမှုတွေ အများကြီး ကြုံတွေ့ခဲ့တယ်ပေါ့နော်။ ဒါတွေကို ကျနော်တို့ ထိန်းသိမ်းနိုင်ဖို့အတွက် NUG အနေနဲ့ ပြင်ဆင်ရာမှာ အရမ်းအားနည်းတယ်ပေါ့နော်။ ကျနော်တို့အနေနဲ့ ဒီတော်လှန်ရေးကို အစပြုကတည်းက NUG ကို ကျနော်တို့အစိုးရအနေနဲ့ အများကြီး ထောက်ခံခဲ့တယ်။ ကျနော်တို့ ပူးပေါင်းပါဝင်ခဲ့တယ်။ သို့သော်ငြား ကျနော်တို့ ဒီ ၅ နှစ်တာ ကြာလာတဲ့ အချိန်မှာ ကျနော်တို့ ဗီဇ ရုပ်ဂတိ အမှန်တွေ ပေါ်လာတာ ဖြစ်တဲ့အတွက် ဒီစာသားကတော့ ကျနော်တို့ အကြိုက်ဆုံးဖြစ်တယ်။ ပြီးတော့ နောက်တခုက ဒီအမှုကလည်း သရုပ်မှန် မပေါ်သေးဘူးပေါ့နော်။ ဘယ်သူက ဘယ်လိုဖြစ်တယ်၊ ဒီ စုံစမ်းစစ်ဆေးမှုတွေ ဘာမှ မလုပ်နိုင်သေးဘူးပေါ့နော်” လို့ ပြောပါတယ်။

အာဏာသိမ်း ၅ နှစ်တာကာလအတွင်း စစ်အုပ်စုဟာ ဒီမိုကရေစီ ဆိုတဲ့ အသုံးအနှုန်းကို သုံးပြီး ရွေးကောက်ပွဲကို ဖိအားပေး လုပ်ဆောင်ခဲ့တာ ဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲဟာ တရားမဝင်သလို ရွေးကောက်ပွဲရလဒ်ကလည်း စစ်မှန်တဲ့ ဒီမိုကရေစီကို လျှောက်လှမ်းနိုင်မဲ့ အစိုးရ ပေါ်ထွန်းလာနိုင်ဖို့လည်း မရှိဘူးလို့ ဇင်းမယ်သံချပ်အဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုကို တော်လှန်တဲ့ ၅ နှစ်တာ ခရီးမှာ လူ့အဖွဲ့အစည်းထဲ အကျင့်ပျက်ခြစားမှုတွေ၊ ရုပ်ဆိုးအကျည်းတန်မှုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် မတရားသဖြင့် ဖိနှိပ် အကြမ်းဖက်မှုတွေ၊ အခြေခံလူတန်းစားတွေ အ‌ပေါ် ဖိနှိပ်ချုပ်ခြယ် အမြတ်ထုတ်မှုတွေကို သံချပ်ထဲမှာ ဖော်ပြထားတဲ့အတွက် ဒါတွေကို နားထောင်ပြီး ပြည်သူလူထုရဲ့ လူ့အဖွဲ့အစည်းထဲ ဖြစ်ပျက်နေတာတွေကို နားလည်နိုင်ကြဖို့ကိုလည်း ဇင်းမယ်သံချပ်အဖွဲ့က မျှော်လင့်နေပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013