DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှု ကျောင်းသားလူငယ်များပြုလုပ်
DVB
·
December 27, 2023
ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှု ကျောင်းသားလူငယ်များပြုလုပ်
Donate to DVB

ရန်ကုန်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ စစ်ကျွန်ပညာရေး သပိတ်မှောက်တဲ့အနေနဲ့ အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး (အကလ-ဗဟို)က မြေပြင်ကျောင်းသားတွေဟာ  ဒီဇင်ဘာ ၂၆ ရက်မှာ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။

လက်ရှိကာလ စစ်ကျွန်ပညာရေးကြောင့် ကျောင်းသားလူငယ်တွေက Brainwash လုပ်ခံနေရပြီး စာသင်ခန်းတွေထဲမှာလည်း စစ်တပ်ကနေ ရည်ရွယ်ချက်ရှိရှိ Brain Wash လုပ်နေတာကြောင့် ဒါတွေကို သပိတ်မှောက်ဖို့ ရည်ရွယ်တဲ့အနေနဲ့ “သွေးစွန်းနိုင်ငံတော် ပညာရေးကျောင်းသားများ" အနီရောင်စာတန်းကို  ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတွေမှာ ချိတ်ဆွဲလှုံ့ဆော် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

အကလ-ဗဟို ဥက္ကဋ္ဌ ကိုသူရိယစန္ဒာက “စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ စစ်ကျွန်ပညာရေး သပိတ်မှောက်ဖို့ပေါ့။ အခု စစ်ကျွန်ပညာရေးမှာ ကျောင်းသားတွေက Brainwash ခံနေရတယ်။ ကျောင်းမတက်ခင်တုန်းက တော်လှန်ရေးထဲမပါတာ ရှက်ရကောင်းမှန်းသိတဲ့ ကျောင်းသားတွေတောင် Non-CDM အနေနဲ့ ကျောင်းတက်ပြီး နောက်ပိုင်းမှာ သူတို့ရဲ့ မှိုင်းမိပြီး တော်လှန်ရေးထဲပါတာ ရှက်စရာဆိုပြီး မြင်လာတာတွေကို ကျနော်တို့ အများကြီးသတိပြုမိ၊ ကြားမိနေပါတယ်။ နောက်တခုက  စာသင်ခန်းတွေထဲမှာ စစ်တပ်ကနေ ရည်ရွယ်ချက်ရှိရှိ Brain Wash နေတယ်။ ဒါတွေကိုသပိတ်မှောက်ဖို့ရည်ရွယ်ချက်နဲ့ပြုလုပ်ခဲ့တာပါဗျ”လို့ ပြောပါတယ်။

ရန်ကုန်မှာ စစ်ကောင်စီက ယူနီဖောင်းဝတ် စစ်သားတွေတင်မကဘဲ  အရပ်ဝတ် ဝတ်ဆင်ထားတဲ့ စစ်သားနဲ့ စစ်ထောက်လှမ်းရေးတွေကိုပါအသုံးပြုပြီး လုံခြုံရေးတိုးမြှင့်ချထားကြောင့် အခက်အခဲတွေ စိန်ခေါ်မှုတွေ ကြားကနေ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုကို ကျောင်းသားလူငယ်တွေ အခုလို ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

ကိုသူရိယစန္ဒာက "မြေပြင်လှုပ်ရှားမှုအတွက် အဓိက စိန်ခေါ်မှုကတော့ အရပ်ဝတ်တွေပါပဲဗျ။ ကျနော်တို့က Scout (ကင်းထောက်) အင်အားနဲ့ မြေပြင်ရဲအခြေတွေ၊ စစ်တပ်အခြေအနေတွေကို မြင်တွေ့ရပါတယ်။ ဒါပေမဲ့ အရပ်ဝတ်တွေကတော့ ခွဲခြားရဖို့ခက်ပါတယ်။ အဓိကက အဲ့အရပ်ဝတ်တွေကို ရှောင်နေရတာကတော့ စိန်ခေါ်မှုလိုမျိုးကို ဖြစ်နေတယ်။ အခုအခြေနေမှာ မြို့ပြမှာ စစ်တပ်နဲ့ ရဲဘက်က ပုံမှန်ယူနီဖောင်းအစား အရပ်ဝတ်အင်အားကို သိသိသာသာ အသုံးပြုလာတာ တွေ့ရတယ်”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက စတင်ကာ စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်လာကြတဲ့ ကျောင်းသားလူငယ်ထုတွေကို စစ်ကောင်စီက အကြမ်းဖက် နှိမ်နင်းဖမ်းဆီး အကျဥ်းချထားတာတွေနဲ့  သေဒဏ်ချမှတ်တာတွေ ပြုလုပ်ခဲ့တာပါ။

ကျောင်းသားအဖွဲ့အစည်းတွေကလည်း မြေပြင်သပိတ်လှုပ်ရှားမှုတွေကို စဥ်ဆက်မပြတ် ပုံစံမျိုးစုံနဲ့ ပြုလုပ်နေပြီး  ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်က အရပ်ဝတ်တွေကို သတိပြုမိပြီဆိုရင်  ကိုယ်သိတဲ့ Scout တွေဆီကို အကြောင်းကြားပေးဖို့ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)က မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013