DVB Logo
Home
မြန်မာသတင်း
ပွိုင့်- ၆၆၆ စခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီ လေကြောင်းအပြင်းအထန်တိုက်ခိုက်
DVB
·
January 31, 2026
ပွိုင့်- ၆၆၆ စခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီ လေကြောင်းအပြင်းအထန်တိုက်ခိုက်
Donate to DVB

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်တပ်နယ်ရှိ ပွိုင့်-၆၆၆ စခန်းကုန်းကို အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်ကောင်က လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပွိုင့်-၆၆၆ စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၂၈ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီးတဲ့နောက် ဇန်နဝါရီ ၂၉ နဲ့ ၃၀ ရက်တို့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန် ပြုလုပ်ခဲ့တာလို့ စစ်ရေးအခြေအနေကို သိရှိသူ အမျိုးသားတယောက်က ပြောပါတယ်။
“ပွိုင့်- ၆၆၆ စခန်းကုန်းကို ၃ လနီးပါးကြား ပိတ်ဆို့ထားတာကနေ ဇန်နဝါရီလ ၂၈ ရက်နေ့ သိမ်းပိုက်နိုင်ခဲ့တာရှိတယ်။ စစ်ကောင်စီတပ်တွေ ရိက္ခာနဲ့ လက်နက်အင်အား ဖြည့်တင်းနိုင်မှု မရှိတော့တာကြောင့် ခုခံနိုင်စွမ်းမရှိဘဲ စခန်းကုန်းကို လက်လွတ်လိုက်ကြတာ။ စခန်းသိမ်းပိုက်ခံရပြီးနောက် စခန်းကုန်း ပတ်ဝန်းကျင်းကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတာရှိတယ်။”
ပွိုင့်-၆၆၆ စခန်းကုန်းကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် နောက်ဆုတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် AA ဘက်က စခန်းကုန်းကို ပြန်လည်ပိတ်ဆို့ဖြတ်တောက်ခဲ့တာကြောင့် စစ်ကောင်စီက ရိက္ခာနဲ့ လက်နက်ခဲ့ယမ်းတွေ ဖြည့်တင်းမရဘဲ ပြတ်တောက်မှုကြောင့် ပြန်လည် လက်လွှတ်လိုက်ရတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက ပွိုင့်-၆၆၆ စခန်းကုန်းကို အင်အားနဲ့ လက်နက်ခဲယမ်းဖြည့်တင်းနိုင်ဖို့ အားဖြည့်ရာကနေ AA ရဲ့ တိုက်ခိုက်မှုကြောင့် စကခ-၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်၊ ဗိုလ်မှူးဝေယံလင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ ၁၀၀ ထက်မနည်းလည်း သေဆုံးခဲ့ကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ဟာ ပဲခူးရိုးမအတွင်း ၂၀၂၅ ခုနှစ် ဇန်ဝါရီလကတည်းက တိုက်ပွဲတွေ ပြင်းထန်နေကြတာဖြစ်သလို စစ်ကောင်စီရဲ့ မိုထိဗျူဟာ၊ ပုဂံကွဲစခန်း၊ ညောင်းကျိုးစခန်းနဲ့ ပွိုင့်-၆၆၆ စခန်းကုန်းတို့အပါဝင် တပ်စခန်း ၅ ခုထက်မနည်းကို AA ပူးပေါင်းတပ်က သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ဆင်လန်ကျေးရွာမှာ ခံစစ်တည်ဆောက်ထားသလို AA ဘက်ကလည်း ညောင်ကျိုးမှာ အထိုင်ချလှုပ်ရှားနေကြတာဖြစ်ပြီး စစ်ကောင်စီရဲ့ ကပစ စစ်ရုံးတွေကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ပန်းတောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ကပစ စက်ရုံ ၄ ခုအထိရှိပြီး လက်ရှိမှာ ကပစ-၁၆ နဲ့ ကပစ-၆ နဲ့ ၁၀ အတွင်းအထိ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013