
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ငါးဖမ်းသမားတွေကို စစ်ကောင်စီရေတပ်က ဖမ်းဆီးပြီး ငွေညှစ်ခဲ့ပြီးတချို့ကတော့ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြိုင်းတောင်ကျေးရွာ၊ ချိုင်ပြင်ကျေးရွာ၊ ယာတိုက်ကျေးရွာနဲ့ အနောက်ရဲ့ မွတ်ဆလင်ကျေးရွာတို့က ငါးဖမ်းသမား ၁၆ ယောက်ကို ဇန်နဝါရီ ၂၅ ရက်မှာ စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး တယောက်အတွက် ငွေ ၁၀ သိန်းစီပေးပြီးမှ ပြန်လွှတ်ပေးခဲ့ပေမဲ့ မွတ်ဆလင် ငါးဖမ်းသမားတွေကတော့ ပြန်မလွတ်သေးဘူး လို့ ဆိုပါတယ်။
ပေါက်တောမြို့နယ် မြေငူကျွန်းဒေသခံ အမျိုးသားတယောက်က “သူတို့က ပထမတော့ လူ ၂၈ ဦး ငါးဖမ်းထွက်ကြတာ။ ဆောင်းရာသီဆိုတော့ မြူနှင်းတွေဆိုင်းတာကြောင့် နေဗီ လာတာလည်း မမြင်ရဘူးလို့ ပြောကြတယ်။ အဲဒီမှာ ၁၈ ဦးကတော့ ဘုတ်ကြီးနဲ့ဖြစ်တာကြောင့် ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် လှေငယ်လေးနဲ့ ၁၀ ဦးကိုတော့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်။ ဖမ်းဆီးခံရတဲ့ ငါးဖမ်းသမား ၁၀ ဦးကိုလည်း တဦးကို ငွေ ၁၀ သိန်းပေးမှလွှတ်မယ်လို့ ပြောတာကြောင့် မိသားစုတွေမှာ ချေးငှားပြီးမှ သွားထုတ်ကြရတယ်။ ကျနော်တို့ဒေသက ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးကျောင်းပြုလုပ်ရတာကြောင့် စစ်ကောင်စီက ဖမ်းဆီးမှုတွေပြုလုပ်နေတဲ့အတွက် စားဝတ်နေရေးကအစ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်” လို့ပြောပါတယ်။
အဲဒီ ဒေသခံ ငါးဖမ်းသမားတွေဟာ ပေါက်တောမြို့နယ်ရဲ့ အနောက်ဘက်ပင်လယ်ပြင်မှာ ငါးဖမ်းထွက်ကြတုန်း ဇန်နဝါရီ ၂၅ ရက်ည ၁၀ နာရီခန့်လောက်မှာ စစ်ကောင်စီရေတပ်ရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတာဖြစ်ပြီး ဇန်နဝါရီ ၂၇ ရက်နေ့မှာ ၁၀ သိန်းကျပ်စီ ပေးပြီးမှ ပြန်လွတ်လာတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၇ ရက်နေ့မှာပဲ ပေါက်တောမြို့နယ်၊ အနောက်ရဲမွတ်ဆလင်ကျေးရွာက ငါးဖမ်းသမား ၆ ယောက်ကိုလည်း စစ်ကောင်စီရဲ့ရေတပ်သင်္ဘောတစင်းက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင်စီဟာ ပင်လယ်ပြင် ငါးဖမ်းခွင့်ကို ပိတ်ပင်ခဲ့တာဖြစ်ပြီး ဒေသခံငါးဖမ်းသမားတွေဟာ စားဝတ်နေရေး အခက်အခဲတွေကြုံတွေ့နေကြရပါတယ်။










