
ကမ္ဘာ့ပြဿနာတွေကို အမိန့်ပေးနေရုံနဲ့ မဖြေရှင်းနိုင်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။
နိုင်ငံတကာဥပဒေတွေက နင်းခြေဖျက်ဆီးခံရပြီး ပူးပေါင်းဆောင်ရွက်မှုတွေလည်း တဖြည်းဖြည်း ပျောက်ဆုံးနေကြောင်း ဂူတာရက်စ်က သတိပေးခဲ့ပါတယ်။
ဂူတာရက်စ်ဟာ ဘယ်နိုင်ငံကို ပြောချင်တာလဲ ဆိုတာ ထည့်သွင်းပြောခဲ့တာမျိုး မရှိပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ စတင်ပြီး တပတ်အကြာမှာ အခုလို မှတ်ချက်ပေးခဲ့တာပါ။
“ကမ္ဘာ့ပြဿနာတွေကို အမိန့်ပေးနေရုံနဲ့ ဖြေရှင်းလို့မရပါဘူး။ အင်အားကြီး နိုင်ငံ ၂ နိုင်ငံကလည်း ကမ္ဘာကြီးကို အပြိုင်လွှမ်းမိုးပြီး ပြဿနာတွေကို ဖြေရှင်းလို့လည်း မရပါဘူး” လို့ ဂူတာရက်စ်က ပြောပါတယ်။
ဂူတာရက်စ်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်မှု ၁၀ နှစ်အတွင်း ရောက်လာပြီး ဒီနှစ်ဟာ သူတာဝန်ထမ်းဆောင်တဲ့ နောက်ဆုံးနှစ်လည်း ဖြစ်ပါတယ်။
ထရမ့်ပ်ဟာ အမေရိကန်သမ္မတ ဒုတိယသက်တမ်းကို ပြီးခဲ့တဲ့နှစ်က စတင်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတကာမှာ ခေတ်မမီတော့တဲ့ ကမ္ဘာ့အမြင်တွေကို ငြင်းပယ်ပြီး အမေရိကန်နိုင်ငံရဲ့ စွမ်းအားနဲ့ ပြောင်းလဲပုံဖော်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံဟာ အနောက်ကမ္ဘာခြမ်းတခုလုံးကို လွှမ်းမိုးဖို့ ကတိပြုထားတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
ရုရှားသမ္မတ ပူတင်ကလည်း ယူကရိန်းကို စစ်ပွဲဆင်နွှဲပြီး အနောက်နိုင်ငံတွေနဲ့ ရုရှား ဆက်ဆံရေး အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။
ဂူတာရက်စ်ရဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဒုတိယသက်တမ်း ၅ နှစ်အတွင်းမှာ ရုရှား-ယူကရိန်း စစ်၊ အာဖဂန်မှာ တာလီဘန်တွေ ပြန်အားကောင်းလာတာ၊ ဆူဒန်အရေးပဋိပက္ခတွေ၊ အစ္စရေး ပါလက်စတိုင်းတို့ရဲ့ ဂါဇာကမ်းမြောင်အရေး၊ ဆီးရီးယားရဲ့ ပြည်တွင်းစစ်၊ ဗင်နီဇွဲလားသမ္မတကို အမေရိကန် ဖမ်းဆီးမှု စတာတွေ ဖြစ်ပွားခဲ့ပါတယ်။
Source: Reuters










