DVB Logo
Home
မြန်မာသတင်း
မင်နီဆိုးတားတွင် ICE အဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် ကရင်အမျိုးသမီး ပြန်လွတ်
DVB
·
January 27, 2026
မင်နီဆိုးတားတွင် ICE အဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် ကရင်အမျိုးသမီး ပြန်လွတ်
Donate to DVB

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်မှာ ICE အဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကရင်အမျိုးသမီး ပြန်လွတ်ပြီလို့ နီးစပ်တဲ့အသိုက်အဝန်းက ပြောပါတယ်။ 

အမေရိကန်ပြည်ထောင်စုမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်အခွန်စည်းကြပ်မှု အေဂျင်စီ (ICE) ရဲ့ အဖမ်းအဆီးတွေဟာ နေရာတော်တော်များများမှာ တရက်ထက်တရက် ပိုစိပ်လာနေတာပါ။

မြန်မာရွှေ့ပြောင်း ၂ သောင်းဝန်းကျင်နေထိုင်တဲ့ မင်နီဆိုးတားပြည်နယ်မှာ ဒုက္ခသည်အဖြစ် ရောက်ရှိလာတဲ့ ကရင်အမျိုးသမီးတယောက် ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမပတ်အတွင်း ICE အဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ 

ဒုက္ခသည်အစီအစဉ်နဲ့ တရားဝင် ဝင်ရောက်လာတဲ့ ကလေးအမေ ကရင်အမျိုးသမီးကို ဖမ်းဆီးပြီးတဲ့နောက် Texas မှာရှိတဲ့ ထိန်းသိမ်းရေးစင်တာကို ပို့ဆောင်ခဲ့တာပါ။ 

လက်ရှိမှာတော့ အဲဒီထိန်းသိမ်းရေးစင်တာကနေ ပြန်လွတ်လာပြီဖြစ်ပြီး အိမ်ကိုတော့ ပြန်မရောက်သေးဘူးလို့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။ 

“ပြန်လွတ်ပါပြီ။ အိမ်တော့မရောက်လာသေးပါဘူး။ ထိန်းသိမ်းရေး စင်တာကနေတော့ လွတ်လာပါပြီ၊ Texas မှာပဲရှိပါသေးတယ်။”

မင်နီဆိုးတားမှာ အဖမ်းခံထားရတဲ့ တခြား မြန်မာနိုင်ငံသားတွေလည်း ထပ်ရှိနေသေးပြီး အသေးစိတ်ကိုတော့ လိုက်စုံစမ်းနေတယ်လို့ အဲဒီမှာနေထိုင်နေတဲ့ မြန်မာအမျိုးသားတယောက်က ပြောပါတယ်။

ICE အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အမေရိကန်နိုင်ငံသားနှစ်ယောက်အထိ သေဆုံးထားတဲ့ မင်နီဆိုးတားပြည်နယ်မှာ ဆန့်ကျင်ဆန္ဒပြမှုတွေလည်း နေ့တိုင်းရှိနေသလို တဖက်မှာလည်း ICE ရဲ့ အဖမ်းအဆီးတွေကတော့ ရပ်တန့်မသွားဘူးလို့ ဆိုပါတယ်။

မြန်မာအမျိုးသားတယောက်က “Asian များတဲ့နေရာတွေမှာ အဖမ်းအဆီးများတယ်။ ဆန္ဒပြနေလည်း သူတို့ဘက်က ဖမ်းနေတာပဲ။ အခုအခြေအနေကတော့ တော်တော်ဆိုးတယ်။ Green Card ကိုင်ထားလည်း သတိထားနေနေရတာပဲ။ နိုင်ငံသားတွေတောင် လုပ်ချင်သလို လုပ်နေတာကို” လို့ ပြောပါတယ်။

မင်နီဆိုးတားပြည်နယ်အပြင် တခြားပြည်နယ်တချို့မှာလည်း မြန်မာနိုင်ငံသားတချို့ ဖမ်းဆီးခံနေရတာတွေလည်း ရှိနေတာပါ။

မင်နီဆိုးတားရှေ့နေချုပ်နဲ့ စိန့်ပေါမြို့အာဏာပိုင်တွေကတော့ ဖက်ဒရယ်အစိုးရကို လုပ်ပိုင်ခွင့်အာဏာ ကျော်လွန်လုပ်ဆောင်မှုနဲ့ တရားပြန်စွဲထားတယ်လို့လည်း သိရပါတယ်။ 

ICE အဖွဲ့ရဲ့ ပစ်ခတ်မှုတွေကြောင့် လူသေဆုံးမှုတွေ ရှိလာခဲ့ပြီးတဲ့နောက်မှာ သမ္မတဟောင်း အိုဘားမားကလည်း ပြည်သူတွေ နိုးထကြဖို့ နှိုးဆော်ထားပါတယ်။ 

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013