DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တောင်ပိုင်း ၅ မြို့နယ်၌  PNO ပအိုဝ်းပါတီ ရွေးကောက်ပွဲအနိုင်ရ 
DVB
·
January 27, 2026
ရှမ်းပြည်တောင်ပိုင်း ၅ မြို့နယ်၌  PNO ပအိုဝ်းပါတီ ရွေးကောက်ပွဲအနိုင်ရ 
Donate to DVB

ကျင်းပပြီးစီးသွားတဲ့ စစ်ကောင်စီရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းစလုံးမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက ရှမ်းပြည်နယ်တောင်ပိုင်းမှာ  ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြို့နယ် ၅ ခုမှာ အနိုင်ရခဲ့ပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်၊ ဟိုပုံး နဲ့ ပင်လောင်းမြို့နယ်တွေအပြင် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနဲ့  လွိုင်လင်မြို့နယ်တွေမှာပါ အနိုင်ရခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူ မဲဆန္ဒရှင်တယောက်က DVB ကို ပြောပါတယ်။ 

“ကျနော်တို့ သိရသလောက်ကတော့ ရွေးကောက်ပွဲ ၃ ပိုင်းစလုံးမှာ ၅ မြို့နယ်အနိုင်ရပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅ ယောက်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ‌ယောက် နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ ယောက် ရထားပြီလို့ ပြောတယ်ခင်ဗျ။”

ဒါ့အပြင် PR အချိုးကျစနစ် ပြည်နယ်လွှတ်တော်မှာ ၄၀ ရာခိုင်နှုန်း အနိုင်ရထားတာကြောင့် ကိုယ်စားလှယ် ၅ ယောက်လောက် ထပ်ထွက်မယ်လို့ ပါတီက ခန့်မှန်းထားကြောင်း သူကဆက်ပြောပါတယ်။

PNO ပါတီအနေနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာလည်း အမြဲမပြတ်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အခု ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲမှာတော့  မြို့နယ်ရော ကိုယ်စားလှယ်ပါ အများဆုံးရရှိတဲ့နှစ်လို့ ဆိုပါတယ်။ 

ပါတီက အနိုင်ရပြီး လွှတ်တော်ထဲရောက်သွားရင် ပါတီမူဝါဒဖြစ်တဲ့ နယ်မြေတည်ငြိမ် အေးချမ်းရေးအပြင် ပထမဦးစားပေးအနေနဲ့ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင် စတဲ့ဒေသတွေမှာ ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်မယ်၊ အဲဒီနောက် ဒေသတွင်းရှိ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဖွံ့ဖြိုးရေးတွေကို   လူမျိုးဘာသာ မခွဲခြားဘဲ ဆောင်ရွက်သွားမယ်ဆိုပြီး လာရောက်မဲဆွယ်စဉ် ပြောကြားခဲ့တယ်လို့ ပင်လောင်းဒေသခံ တယောက်က ပြောပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဟာ  ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အခြေစိုက် ပအိုဝ်းတိုင်းရင်းသား ကိုယ်စားပြု နိုင်ငံရေးပါတီတခုနဲ့ အသွင်းပြောင်း လက်နက်ကိုင် ဌာနေပြည်သူ့စစ်အဖွဲ့ တဖွဲ့လည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013