အီတလီနဲ့ စပိန်မှာရှိတဲ့ အမေရိကန်တပ်တွေကို ပြန်ခေါ်ဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
အိမ်ဖြူတော်မှာ သတင်းထောက်တယောက်က တပ်တွေကို ပြန်ခေါ်ဖို့ရှိလားဆိုတဲ့ မေးခွန်းကို ဖြစ်နိုင်ချေရှိတယ်လို့ ထရမ့်ပ်က ဖြေကြားခဲ့တာပါ။
“အီတလီက ကျနော်တို့ကို ဘာမှမကူညီပါဘူး။ စပိန်ကတော့ ဆိုးရွားလွန်းပါတယ်။ တကယ်ဆိုးတာပါ။ ကျနော်တို့ သူတို့ကို ကူညီခဲ့ပါတယ်။ ဘိုင်ဒင်က ဒေါ်လာ ၃၅၀ ဘီလီယံ ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျနော်တို့ သူတို့ကိုလိုတဲ့အချိန် သူတို့ မရှိခဲ့ပါဘူး။ ဒါကို ကျနော်တို့ အမှတ်ရနေမှာပါ။ အခု သူတို့ရဲ့ အကူအညီလည်း ကျနော်တို့ မလိုအပ်ပါဘူး” လို့ ထရမ့်ပ်က ပြောပါတယ်။
ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့အပတ်မှာ ဖော်ပြခဲ့တဲ့ ပင်တဂွန်ရဲ့ အတွင်းအီးမေးလ်တွေအရ အမေရိကန်တပ်တွေကို NATO အဖွဲ့ဝင်နိုင်ငံတွေကနေ ပြန်လည်ခေါ်ယူမယ်လို့ ပါရှိပါတယ်။
ဂျာမနီမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက် လျှော့ချဖို့လည်း ဗုဒ္ဓဟူးနေ့က ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ထရမ့်ပ်ဟာ ပြီးခဲ့တဲ့လက စပိန်ကို စီးပွားရေးတင်ပို့မှုတွေ ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
စပိန်နိုင်ငံဟာ အီရန်အရေးနဲ့ပတ်သက်ပြီး အမေရိကန်တပ်တွေ အခြေစိုက်အသုံးပြုမဲ့ကိစ္စကို ခွင့်ပြုဖို့ ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။
၂၀၂၅ ဒီဇင်ဘာလအထိ စာရင်းအရ အမေရိကန်တပ်တွေ ဥရောပမှာ ချထားမှုဟာ တပ်ဖွဲ့ဝင်အင်အား ၆၈,၀၀၀ ရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အဲဒီအထဲက တပ်သား ၃၆,၄၀၀ ဟာ ဂျာမနီမှာ အခြေစိုက်တာဖြစ်လို့ ဥရောပတိုက်မှာ အမေရိကန်တပ်သားဦးရေ အများဆုံး တပ်စွဲတဲ့နေရာလည်း ဖြစ်ပါတယ်။
Source: Reuters











