
ဖွေထိုင်းပါတီ အစိုးရဖြစ်လာမယ်ဆိုရင် တနေ့ကို နိုင်ငံသား ၉ ယောက် ဘတ်တသန်းစီ မဲဖောက်ပေးမယ်လို့ ကတိပေးထားပါတယ်။
နေ့စဉ် သန်းကြွယ်သူဌေး ၉ ယောက် မွေးထုတ်မဲ့ အစီအစဉ်ကို အခွန်ထမ်းတွေရဲ့ ပိုက်ဆံနဲ့ အသုံးပြုပြီး ဥပဒေနဲ့အညီ အကောင်အထည်ဖော်ပေးနိုင်တယ်လို့ ပါတီရဲ့ ဝန်ကြီးချုပ်လောင်း ယုဒ်ချနန်ဝုန်းဆဝပ်က ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ တူဖြစ်သူ ယုဒ်ချနန်က ဒီမူဝါဒဟာ စိတ်ကူးယဉ်မဟုတ်ဘဲ တကယ်အကောင်အထည်ဖော်နိုင်သလို ဒီလိုလုပ်ခြင်းအားဖြင့် လယ်သမားတွေနဲ့ လုပ်ငန်းငယ်တွေလို ဝင်ငွေခွန် မဆောင်ကြတဲ့သူတွေပါ အခွန်စနစ်ထဲ ဝင်လာနိုင်တယ်လို့ ဆိုပါတယ်။
မူဝါဒအရ နေ့စဉ် ထီဖွင့်သလိုမျိုး ကံထူးရှင် ထိုင်းနိုင်ငံသား ၉ ယောက်ကို မဲနှိုက်ရွေးချယ်မှာဖြစ်ပြီး ပေါက်တဲ့သူတွေဟာ အစိုးရဘဏ္ဍာထဲကနေ ဘတ်တသန်းစီရမှာ ဖြစ်ပါတယ်။
ဒီလိုတွေ မဲဖောက်ပေးလို့ ကောက်ခံရရှိထားတဲ့ အခွန်ငွေတွေ ကုန်သွားရင် ဘယ်လိုလုပ်မလဲလို့ သတင်းထောက်တယောက်က မေးမြန်းခဲ့ရာမှာတော့ ပါတီက ဒီမူဝါဒရဲ့ ဥပဒေကြောင်းနဲ့ ဘဏ္ဍာရေးအရ သက်ရောက်နိုင်ခြေကို အချိန်ယူလေ့လာပြီးဖြစ်တယ်လို့ ယုဒ်ချနန်က ဖြေကြားပါတယ်။
ဒီမိုကရက်ပါတီကတော့ ဒီမူဝါဒဟာ အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံကို ဖြုန်းတီးမှုသက်သက်ဖြစ်ပြီး စီးပွားရေးအားကောင်းအောင် လုပ်ပေးနိုင်မှာမဟုတ်ဘူးလို့ ဝေဖန်ထားပါတယ်။










